အီတလီနိုင်ငံမှာ COVID-19 ရောဂါကြောင့် တစ်ရက်အတွင်း သေဆုံးသူအရေအတွက် အမြင့်ဆုံးဖြစ်လာခဲ့ပြီး ခေါင်းဆောင်တွေက ဆေးရုံများမှာ ကုတင်နဲ့ အသက်ရှူကိရိယာ မလုံလောက်မှုတွေဖြစ်နေကြောင်း သတိပေးခဲ့ပါတယ်။
(Photo: Reuters)
မတ်လ ၁၅ ရက်နေ့က COVID-19 ကြောင့် သေဆုံးသူ ၃၆၈ ဦးရှိခဲ့ပြီး လက်ရှိအချိန်အထိ အီတလီမှာ သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၈၀၉ ဦးအထိ မြင့်တက်လာပြီး ဥရောပနိုင်ငံတွေအနက် အဆိုးရွားဆုံး အခြေအနေ ဖြစ်နေပါတယ်။ အီတလီမှာ သေဆုံးသူအရေအတွက်ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့တဲ့ တရုတ်ပြည်မကြီးမှာ သေဆုံးသူအရေအတွက်ရဲ့ ထက်ဝက်ကျော်အထိ ရှိလာခဲ့ပါတယ်။
မတ်လ ၁၅ ရက်နေ့အထိ စာရင်းတွေအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄,၇၄၇ ဦးနဲ့ သေဆုံးသူ ၁,၈၀၉ ဦးရှိခဲ့ပြီး လတ်တလော ရက်ပိုင်းအတွင်းမှာပင် ကူးစက်မှုနဲ့သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: Reuters)
လူနေထူထပ်တဲ့ မီလန်မြို့ပတ်ဝန်းကျင် Lombardy နယ်မြေဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပွားတဲ့နေရာဖြစ်ပြီး ၁,၂၁၈ ဦး သေဆုံးခဲ့ပါတယ်။ ထိုနယ်မြေမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် ၂၅၂ ဦး သေဆုံးခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: Reuters)
အီတလီမှာ ဆေးကုသရေး အခက်အခဲများကြုံနေတာကြောင့် အသက် ၈၀ ကျော်အရွယ်တွေနဲ့ ရောဂါအခြေအနေဆိုးပြီး ပြန်လည်သက်သာရန် အခွင့်အလမ်းနည်းသူတွေကို ဦးစားပေး ကုသနိုင်မှာမဟုတ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
COVID-19 ဗိုင်းရပ်စ်ကို အာရှဒေသတွင်း တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရပေမဲ့ ယခုအခါမှာတော့ ဥရောပဟာ ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်နေရာအသစ် ဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောထားပါတယ်။ မတ်လ ၁၅ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၁၆၉,၄၈၄ မှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုထားပြီး ၆,၅၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။