၂ပွဲကစားအပြီး ၂ဂိုးတောင်သွင်းပေးပြီးပါပြီ။

ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ အီတလီအတွက် ကစားပေးနေတဲ့ မျက်နှာသစ်တိုက်စစ်မှူးတဦးရှိပါတယ်။ မန်စီနီက သူ့ကို ရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပြီး မက်တီယိုရီတီဂွီပါ။ သူက အင်္ဂလန်နဲ့ ကစားခဲ့တဲ့ပွဲမှာ အီတလီအတွက် ပထမဆုံးဝင်ကစားပေးခဲ့ပြီး တဂိုးရခဲ့သလို မော်တာကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာလည်း နောက်တဂိုးထပ်ရခဲ့လို့ နှစ်ပွဲကစားအပြီး ၂ဂိုးအထိ ရပြီးပါပြီ။ 

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေရိစ်နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဆန်ဖာနန်ဒိုမှာ မွေးဖွားခဲ့တဲ့ ရီတီဂွီက အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး သူ့အဖေက အာဂျင်တီးနားအတွက် အိုလံပစ်မှာ ၃ ကြိမ်အထိ ဝင်ကစားပေးခဲ့သူပါ။ သူကိုယ်တိုင်လည်းပဲ အာဂျင်တီးနား ယူ-၁၉ နဲ့ ယူ-၂၀ မှာ ကစားခဲ့ပါတယ်။ ဒါပေမယ့် အဘိုးဖြစ်သူက အီတလီနွယ်ဖွားဖြစ်လို့ သူက လက်ရွေးစင်အသင်းကြီးမှာ အီတလီကို ကိုယ်စားပြုခွင့်ရခဲ့တာပါ။ 

သူက ဘိုကာဂျူနီယာမှာ နေရာမရလို့ အငှားထွက်ကစားနေခဲ့ရပြီး လက်ရှိမှာ အာဂျင်တီးနားကလပ် တီဂရီအတွက် ကစာပေးနေတာပါ။ ဒါကြောင့် သူက အီတလီမှာ နေထိုင်ခြင်းမရှိဘဲ အာဂျင်တီးနားမှာပဲ နေထိုင်နေတာပါ။ ပြီးတော့ အီတလီလိုမပြောတတ်ဘဲ အာဂျင်တီးနားလို့သာ ပြောဆိုနေတာဖြစ်လို့ အီတလီတိုက်စစ်မှူးတဦးအတွက်တော့ ဒါက ထူးခြားလို့နေပါတယ်။ 

မထင်မရှားတိုက်စစ်မှူးတဦးအဖြစ်နဲ့ ရှိနေတဲ့ ရီတီဂွီက အီတလီအတွက် ရွေးချယ်ခံရချိန်မှာတော့ နာမည်ထင်ရှားလာပါပြီ။ အဖွင့် ၂ပွဲမှာပဲ ၂ဂိုးရခဲ့လို့လည်း အာရုံစိုက်ခံနေရတာပါ။ ခုဆိုရင် ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်တို့က သူ့ကိုစိတ်ဝင်စားနေပြီး စီးရီးအေကလပ်တွေကလည်း စောင့်ကြည့်နေကြပါတယ်။ 


အီတလီလက်ရွေးစင်တိုက်စစ်မှူးဖြစ်ပေမယ့် အီတလီမှာမနေ၊ အီတလီလိုမပြောတဲ့ ရီတီဂွီကို ရွေးချယ်လို့ မန်စီနီတယောက် ဝေဖန်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် ရီတီဂွီက ဂိုးတွေသွင်းပြအပြီးမှာတော့ ဝေဖန်သံတွေအားလုံးက တိတ်ဆိတ်နေခဲ့ပါပြီ။ 

Share

Loading Next Article...
က္က