အမ်ဘာပေကတော့ အေစီမီလန်ဘက်ကို လှည့်လာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက သူ့အနေနဲ့ အီတလီစီးရီးအေကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ အေစီမီလန်တသင်းတည်းမှာပဲ ကစားမယ်လို့ ပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ အရင်ကတော့ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့က သူ့ရဲ့အိပ်မက်လို့ ပြောကြားခဲ့ဖူးတာပါ။



ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အမ်ဘာပေက ပီအက်စ်ဂျီနဲ့ (၂၀၂၅) အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းသားတွေဆီကနေ ဝေဖန်မှုတွေရရှိနေပါတယ်။ အမ်ဘာပေဟာ အေစီမီလန်ကို ငယ်ငယ်တည်းက အားပေးခဲ့တယ်လို့ဆိုလာပြီး အေစီမီလန်မှာ ကစားဖြစ်နိုင်ဖွယ်ရှိတဲ့ အချက်ကိုလည်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေက “ကျနော်နဲ့အေစီမီလန်အကြား ဆက်သွယ်မှုက တကယ်ကို ထူးခြားခမ်းနားပါတယ်။ ကလေးဘဝတုန်းက ကျနော်က အီတလီကလေးထိန်းတယောက်နဲ့နေခဲ့ရပြီး သူ့မိသားစုနဲ့အတူ အချိန်အများစုကို ကုန်ဆုံးခဲ့ရပါတယ်။ သူတို့ မိသားစုဝင်တွေအားလုံးကလည်း အေစီမီလန်ပရိသတ်တွေပါ”

“ကျနော်လည်း အေစီမီလန်ကို အားပေးခဲ့ပြီး အေစီမီလန်ပွဲအများအပြားကို ကျနော်ကြည့်ခဲ့ပါတယ်။ ကျနော် အမြဲတမ်းပြောခဲ့ပါတယ်။ ကျနော်သာ အီတလီမှာ ကစားခဲ့ရင် အေစီမီလန်တသင်းတည်းအတွက်ပဲ ကစားမှာပါ။ အခြားအသင်းကိုသာရွေးလိုက်ရင်၊ အေစီမီလန်ရဲ့ပြိုင်ဘက်ကိုသာ ရွေးလိုက်ရင် ခုနက ကျနော်ပြောတဲ့ မိသားစုဝင်တွေ ကျနော့်ကို လာသတ်လောက်ပါတယ်”

“အခု သူတို့တွေ စကူဒက်တိုဖလားကို တကျော့ပြန်ဆွတ်ခူးနိုင်တဲ့အတွက်လည်း ကျနော် ဂုဏ်ပြုစကားပဲပြောနိုင်ပါတယ်။ အေစီမီလန်မှာ ကျနော့်ပြင်သစ်က သူငယ်ချင်းတွေ၊ ကျနော် အရမ်းလေးစားရတဲ့ ဂန္တဝင်ကြီး အီဘရာဟီမိုဗစ်ကြီးလည်းရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေရဲ့ လက်ရှိအနေအထားအရတော့ သူ့ရဲ့လက်ကျန် ကစားသမားဘဝ သက်တမ်းမှာ အီတလီမြေကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေနည်းပါးပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ပြီးနောက် ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိပ်မက်ကို မစွန့်လွှတ်သေးဘူးဆိုထားပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားတော့မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ 

Share

က္က