အင်္ဂလန်လူမျိုးပရိသတ်တွေနဲ့ အီတလီက ဆိုးသွမ်းပရိသတ်တွေ အစဥ်အလာမပျက် ပြဿနာဖြစ်ပွားခဲ့တာပါ။

တနင်္လာနေ့က အတ္တလန်တာကို အားပေးတဲ့ ဆိုးသွမ်းပရိသတ်တွေဟာ အီတလီနိုင်ငံမြောက်ပိုင်းမှာ ယူနိုက်တက် ပရိသတ်တွေကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အင်္ဂလန်နဲ့အီတလီကလပ်တွေ ထိပ်တိုက်တွေ့တိုင်း နှစ်ဖက်ပရိသတ်တွေအကြား ပြဿနာအမြဲတမ်းဖြစ်ပွားခဲ့ပြီး အခုချိန်မှာလည်း အစဥ်အလာအတိုင်း ပြဿနာထပ်မံဖြစ်ပွားခဲ့တာပါ။



အုပ်စုပွဲစဥ် ပထမအကျော့မှာ ယူနိုက်တက်က အတ္တလန်တာကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီညမှာတော့ အုပ်စုဒုတိယအကျော့အဖြစ် အတ္တလန်တာရဲ့အိမ်ကွင်း အီတလီမြေမှာ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် ယူနိုက်တက်ပရိသတ်တစ်ယောက် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေဟာ ဘာဂါမိုက ဘားတစ်ခုမှာ ထိုင်နေတုန်း အနက်ရောင်ခေါင်းစွပ်အင်္ကျီတွေနဲ့ အနက်ရောင်ပဝါတွေကို ဝတ်ဆင်ထားတဲ့ အတ္တလန်တာ ဆိုးသွမ်းပရိသတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

ဒီဖြစ်ရပ်ကြောင့် အသက် (၂၄) နှစ်အရွယ် အမျိုးသမီးစားပွဲထိုးတစ်ယောက်နဲ့ ယူနိုက်တက်ပရိသတ်တစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး စားပွဲထိုးကို ဆေးရုံကားနဲ့ ခေါ်ဆောင်သွားခဲ့ရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ အရာဝတ္ထုတစ်ခုခုနဲ့ ပစ်ပေါက်ခံခဲ့ရတာဖြစ်တဲ့ စားပွဲထိုးရဲ့ ဒဏ်ရာက အရမ်းမပြင်းထန်ခဲ့ဘူးလို့ သိရပါတယ်။ ရန်ပြုခဲ့တဲ့ ပရိသတ်အုပ်စုကတော့ ရဲတွေမရောက်လာခင်မှာပဲ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ဘာဂါမိုမြို့မှာ အင်္ဂါမနက်ခင်းကစလို့ ကွင်းအနီးတစ်ဝိုက်က ဆိုင်တွေမှာ လူတစ်ယောက်ကို သတ်မှတ်ထားတဲ့ အယ်လ်ကိုဟောပမာဏထက် ကျော်လွန်မရောင်းချရဘူးလို့ စည်းကမ်းထုတ်ပြန်ထားပြီး ဒီစည်းကမ်းက (၂၄) နာရီ သက်တမ်းရှိတဲ့ စည်းကမ်းတစ်ခုလည်းဖြစ်ပါတယ်။ ယူရိုပါလိဂ်ပွဲစဥ်အဖြစ် လက်စတာနဲ့နာပိုလီတို့ ထိပ်တိုက်တွေ့ခဲ့တုန်းကလည်း အစဥ်အလာကြီးမားတဲ့ အင်္ဂလန်လူမျိုးနဲ့အီတလီလူမျိုး ပရိသတ်တွေက ကွင်းထဲမှာတင် အကြီးအကျယ်ရန်ပွဲဖြစ်ပွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရသေးတာပါ။

လက်ရှိယူနိုက်တက်အုပ်စုမှာ ယူနိုက်တက်ကသာ ပထမနေရာက ဦးဆောင်နေတာဖြစ်ပါတယ်။ ပထမအကျော့ ယူနိုက်တက်အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တုန်းက အတ္တလန်တာတို့ ပထမပိုင်းအပြီး (၂) ဂိုးပြတ်နဲ့ ဦးဆောင်ထားပေမယ့် ဒုတိယပိုင်းမှာတော့ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းရား၊ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၂ ဂိုးနဲ့ ရှုံးနိမ့်လာခဲ့ရတာပါ။

လက်ရှိဒုတိယအကျော့မစခင်မှာတင် ယူနိုက်တက်ပရိသတ်တွေကို အတ္တလန်တာရဲ့ ဆိုးသွမ်းပရိသတ်တွေက တိုက်ခိုက်ခဲ့ကြတာကြောင့် ကွင်းထဲမှာရော ဘယ်လိုအနေအထားတွေ ထပ်မံမြင်တွေ့ရဦးမလဲ စိတ်ဝင်တစား စောင့်ကြည့်ရမှာတော့မှာလည်းဖြစ်ပါတယ်။

Share

က္က