အီရတ်နိုင်ငံတောင်ပိုင်း ဘာသာရေးမြို့ဖြစ်တဲ့ ကာဘာလာမြို့မှာ ရှီအာမွတ်စလင်မ်တို့ရဲ့ အာရှုရာနေ့အထိမ်းအမှတ် ဘာသာရေးပွဲအတွင်း လူအုပ်လဲပြိုမှုကြောင့် ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
(Photo: Reuters)
(Photo: Mohammed Sawaf/AFP)
ဒဏ်ရာရခဲ့သူတွေအနက် ၁၀ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လူအုပ်လဲပြိုမှုဖြစ်ခဲ့တဲ့ အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းမရှိပေမဲ့ ဂူဗိမာန်တာဝန်ရှိသူတွေက Reuters သတင်းဌာနကို ပြောကြားမှုအရ လူအုပ်လဲပြိုမှုဟာ ဂူဗိမာန်အဆောက်အအုံ ဝင်ပေါက်နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အစ္စလာမ်ပြက္ခဒိန်မှာ ပထမဆုံးလဖြစ်တဲ့ မိုဟာရမ်လရဲ့ ၁၀ ရက်မြောက်နေ့ (ကိုးရက်မြောက်နေ့ နေဝင်ချိန်မှ ၁၀ ရက်မြောက်နေ့ နေဝင်ချိန်အထိ) ကို အာရှုရာနေ့အဖြစ် သတ်မှတ်ထားပြီး ထိုနေ့မှာပြုလုပ်တဲ့ ဘာသာရေးအထိမ်းအမှတ်ပွဲကို နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ရှီအာမွတ်စလင်မ် သန်းနဲ့ချီပြီး ကာဘာလာမြို့ကို လာရောက်လေ့ရှိပါတယ်။ ၎င်းတို့က ကာဘာလာမြို့မှာ ကွယ်လွန်ခဲ့တဲ့ အီမန်ဟူစိန်ကို အာဇာနည်တစ်ဦးအဖြစ် အောက်မေ့တသကာ ဝမ်းနည်းပူဆွေးပြီး ချစ်ခင်မှုကို ပြသကြကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။