ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်ဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် ဒေါ်လာ ၁၀ ဘီလျံ လှူဒါန်းသွားတော့မှာပါ။
ဒီတစ်ပတ် တနင်္လာနေ့မှာပဲ Amazon ရဲ့ တည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဂျက်ဖ်ဘီဇော့စ်ဟာ ပြောင်းလဲလာတဲ့ ရာသီဥတု သက်ရောက်မှုကို တန်ပြန်ရင်ဆိုင်နိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် သိပ္ပံပညာရှင်များ ၊ တက်ကြွလှုပ်ရှားသူများ ၊ အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းများအတွက် ဒေါ်လာ ၁၀ ဘီလျံတန် ရန်ပုံငွေတစ်ရပ် စိုက်ထူသွားမယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
Photo: The Verge
ဘီဇော့စ်ဟာ သူ့ရဲ့ Instagram ပို့စ်တစ်ခုမှာလည်း ဒီသတင်းကို အတည်ပြုထားပြီး ရန်ပုံငွေအစီအစဉ်ကို Bezos Earth Fund လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။ Amazon ဟာ ပြီးခဲ့တဲ့ လကပဲ ရာသီဥတုပြောင်းလဲမှုအပေါ် ရပ်တည်မှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုမှုလုပ်တဲ့ ဝန်ထမ်းတွေကို အလုပ်ထုတ်မယ်လို့ ခြိမ်းခေါက်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
Guardian က ရထားတဲ့ အီးမေးလ်တစ်စောင်ထဲမှာ ရာသီဥတုကပ်ဘေး အကြပ်အတည်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ဒီထက်ပိုလုပ်ဆောင်သင့်တယ်လို့ မီဒီယာကို ပြောကြားခဲ့တဲ့ မာရင်ကော့စတာဆိုသူ ဝန်ထမ်းကို Amazon HR ဌာနဟာ စုံစမ်းမှုတစ်ခု လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ သက်ရောက်မှုကို ရင်ဆိုင်ဖို့ Amazon ဟာ ဒေါ်လာ ဘီလျံနဲ့ချီပြီး ရန်ပုံငွေတစ်ရပ် ထူထောင်လိုက်တာပါ။
" ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းက ကမ္ဘာကြီးအတွက် အကြီးဆုံး ခြိမ်းခြောက်မှုပါ။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာပေါ်က ရာသီဥတု ပြောင်းလဲမှု ကပ်ဘေးသက်ရောက်ခြင်းကို တိုက်ဖျက်ဖို့ နည်းလမ်းသစ်တွေကို အတူတကွ ဖော်ထုတ်ဖို့ တစ်ခြားသူတွေနဲ့ လက်တွဲ အလုပ်လုပ်ချင်ပါတယ်" လို့ ဘီဇော့စ်က Instagram ပို့စ်မှာ ရေးသားထားပါပတယ်။
Photo: chronicle.ng
Bezos Earth Fund ရဲ့ ကနဦး အစီအစဉ်တစ်စိတ်တစ်ဒေသအဖြစ် ၂၀၂၀ နှစ်လယ်မှာ စတင်ပြီး ရန်ပုံငွေများ စတင် ပေးအပ်သွားမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဘီလ်ဇော့စ်ဟာ လာမယ့် ၂၀၄၀ မှာ Amazon ကို ကာဗွန်လုံးဝကင်းစင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့ ကတိပြုထားပြီး ၂၀၂၄ ခုနှစ်မှာ လျှပ်စစ်ပစ္စည်းပို့ဗင် ကားပေါင်း ၁ သိန်း သုံးသွားဖို့ စီစဉ်နေပါတယ်။
ဒေါ်လာ ၁၀ ဘီလျံတန် Bezos Earth Fund ရန်ပုံငွေအစီအစဉ်ဟာ ခန့်မှန်းခြေ အသားတင် ဒေါ်လာ ဘီလျံ ၁၃၀ ချမ်းသာတဲ့ သူ့ပိုင်ဆိုင်မှုရဲ့ ၈% အောက်မှာ ရှိပါတယ်။ ဘီဇော့စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေထဲမှာ ပရဟိတ လုပ်ဆောင်မှု အနည်းဆုံးတစ်ဦး ဖြစ်ပြီး ယခုအစီအစဉ်မတိုင်ခင်က အိမ်ခြေရာမဲ့တွေနဲ့ ကျောင်းတွေအတွက် ၂၀၁၈ စက်တင်ဘာလထဲမှာ ကတိပြုခဲ့တဲ့ ဒေါ်လာ ၂ ဘီလျံတန် ရန်ပုံငွေက အများဆုံး လှူဒါန်းမှု ဖြစ်ခဲ့ပါတယ်။