ဖုန်ထူတဲ့ နေရာမျိုးတွေ မကြာခဏ သွားရလို့ ဖြစ်ဖြစ် ဟော်မုန်းအပြောင်းအလဲကြောင့် ဒါမှမဟုတ် အစားအသောက်အပြောင်းအလဲတွေကြောင့်ဖြစ်ဖြစ် မျက်နှာမှာ အဆီဖုလေးတွေအများကြီး ထွက်လာလို့ စိတ်ညစ်နေရတဲ့ မဒီလေးတွေအတွက် အဆီဖုပြသနာကင်းဝေစေဖို့ ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။
Photo -Google
အဆီဖုဖြစ်ရတဲ့အကြောင်းအရာတွေထဲ အပေါ်က ပြောပြပေးသွားတဲ့အချက်တွေအပြင် နောက်ထပ်ဖြည့်စွက်ပြောရမယ့် အချက်က မျက်နှာအရေပြားမှာ ဆဲလ်အသေတွေများပြီး ပိတ်သွားတာမျိုးကြောင့်လည်း အဆီဖုတွေ ဖြစ်ပေါ်လာရတာပါ။ အဆီဖုဆိုတာ မဒီတွေ အမြဲကြုံနေရတဲ့ ဝက်ခြံထွက်တာမျိုးနဲ့ မတူပါဘူး။ ဝက်ခြံက နာတာမျိုး၊ ပြည်တည်သလို ဖြစ်တာမျိုး၊ မှည့်လာတာမျိုးတွေ ဖြစ်တတ်ပေမယ့် အဆီဖုကျတော့ အဲ့ဒါမျိုး မဟုတ်ပါဘူး၊ သူက အဖုသေးသေးလေးတွေ အများကြီး ထွက်လာတာမျိုးပေမယ့် အထဲမှာအခဲလေးတွေလို ဖြစ်နေတာမျိုးပါ။ ဆဲလ်အသေတွေအစုများတဲ့ ပါးတို့၊ မေးစေ့တို့အပြင် ဆံပင်တွေကျနေ၊ ဖုံးနေတတ်တဲ့ နဖူးမှာလည်း ဖြစ်တတ်ပါတယ်။ လက်နဲ့သွားသွားစမ်းပြီး ဖဲ့ရာက အနာရွတ်တွေဖြစ် အရေပြားက ကြည့်မကောင်းတော့တာမျိုးတွေ ကြုံရတတ်ပါတယ်။
ဒီတော့ အဆီဖုတွေ သက်သာစေဖို့၊ ပျောက်ကင်းစေဖို့ ဘာတွေလုပ်နိုင်သလဲ ကြည့်ရအောင်။
Photo -Google
-မိတ်ကပ်ထူထူ လိမ်းပြီးအပြင်ထွက်တာမျိုးတွေ ရှောင်ပါ။ ဖောင်ဒေးရှင်းတွေ တခြားအလှကုန်တွေကို ရွေးချယ်ရာမှာလည်း အဆီဖုတွေအတွက် ဆိုးကျိုးဖြစ်စေမယ့် အလှကုန်မျိုးရှောင်ပြီး သေချာမေးဝယ်ပါ။ ဖြစ်နိုင်ရင် အဆီမပါတဲ့ Oil Free အလှကုန်သာ ရွေးချယ်သင့်ပါတယ်။
-ဆဲလ်အသေတွေ ပိုမိုများလာစေမယ့် moisturizer တွေ အများကြီးလိမ်းတာမျိုးလည်း ရှောင်သင့်ပါတယ်။
-ဆဲလ်အသေတွေများနေတဲ့ မျက်နှာကို ချွေးပေါက်ဖွင့်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒီ့အတွက် scrub လုပ်ပေးနိုင်သလို peeling လုပ်ပေးတာမျိုးတွေကလည်း ကောင်းပါတယ်။
- ရေများများသောက်ပေးပါ။
Photo -Google
-မျက်နှာနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ အရာတွေဖြစ်တဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လဲလှယ်ပေးပါ။ မျက်နှာသုတ်ပုဝါတွေကိုလည်း အနည်းဆုံး တစ်ပတ်တစ်ခါတော့ လဲသုံးပေးဖို့ လိုပါတယ်။
-မျက်နှာကို လက်နဲ့မကြာခဏကိုင်တာ၊ အဖုတွေကို သွားဆွနေတာမျိုး မလုပ်ပါနဲ့။
-ဝမ်းမှန်သလား စဉ်းစားပါ။ ဝမ်းချုပ်တတ်တယ်ဆိုရင် အစားအသောက်ဘက်ကို ပြန်လည်သုံးသပ်ပြီး အစပ်တွေ အဆီအစိမ့်ဘာညာ ရှောင်ပြီးစားပါ။ ဝမ်းနှုတ်သင့်ရင် နှုတ်ပါ။
-ဆေးသောက်နေရတာမျိုးတွေရှိရင် ကိုယ်သောက်နေတဲ့ဆေးရဲ့ side effect ဘာရှိသလဲ လေ့လာမေးမြန်းပါ။
-အိပ်ခါနီး မျက်နှာကိုသေချာသစ်ပေးတာ၊ မိတ်ကပ်လိမ်းပြီး သေချာပြန်ဖျက်တာ cleansing လုပ်ပေးဖို့ကိုလည်း မမေ့ပါနဲ့။
ဒီအချက်တွေကို သေချာလုပ်ဆောင်ပြီးလို့မှ မသက်သာဘူးဆိုရင်တော့ အရေပြားနဲ့ပတ်သက်တဲ့ ဆေးခန်း ဒါမှမဟုတ် အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
မေသော်