ယနေ့ည ၈ နာရီ ၃၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ပထမပိုင်းစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး လီဗာပူးအသင်းက ပိုမိုဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ပြန်တိုက်စစ်နဲ့သာ လီဗာပူးအသင်းကို တုံ့ပြန်ကစားနေခဲ့တာကို တွေ့ရပါတယ်။
ပထမပိုင်း ၂၁ မိနစ်မှာ ဟာရဲရား ဒဏ်ရာရရှိသွားတာကြောင့် ပါရဲရားနဲ့ လူစားလဲခဲ့ပြီး ၂၅ မိနစ်မှာ မာတာ ထပ်မံဒဏ်ရာရရှိခဲ့တာကြောင့် လင်ဂတ်နဲ့ လူစားလဲကစားစေခဲ့ပါတယ်။ ၄၂ မိနစ်မှာ လူကာကူ အကွက်မြင်မြင် ဖန်တီးပေးလိုက်တဲ့ဘောလုံးကို လင်ဂတ်က အယ်လီဆင်ကို ကျော်ဖြတ်ပြီး သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ၂ သင်းစလုံးဟာ အဓိကကစားသမားအချို့ ဒဏ်ရာရရှိသွားတာကြောင့် ပထမပိုင်းကလောက် ပြိုင်ဆိုင်မှုမပြင်းထန်တော့ဘဲ တစ်ချက်တစ်ချက် ဂိုးသွင်းယူဖို့ ကြိုးပမ်းတာလောက်သာ ရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ၇၂ မိနစ်နဲ့ ၇၉ မိနစ်မှာ ဟန်ဒါဆင်နဲ့ မိုဟာမက်ဆာလာတို့ကို လူစားလဲလှယ်ခဲ့ပြီး အိုရီဂီနဲ့ ရှာကွီရီတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၇၆ မိနစ်မှာ စမောလင်း ဖြတ်တင်လိုက်တဲ့ဘောလုံးကို ဂျိုဝယ်မာတစ် ဖျက်ထုတ်ရာမှာ မသေသပ်တာကြောင့် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပေမယ့် စည်းကြပ်ဒိုင်က စမောလင်း လူကျွံနေတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ ပွဲပြီးဆုံးချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ယနေ့ပွဲစဉ်မှာ သရေ ၁ မှတ်ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။