အီရန်ကို အမေရိကန်က အနိုင်ရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့နောက်မှာတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ Michigan နည်းပညာစက်ရုံကို ရောက်ရှိနေတဲ့ ဘိုင်ဒင်ဟာ အမေရိကန်အနိုင်ရတာကို သိရှိခဲ့ပြီးနောက် လူအုပ်ကြားထဲကနေ စင်ပေါ်ကို တက်သွားခဲ့ပြီး အသင်းအနိုင်ရရှိတဲ့အကြောင်းကို ပြောဆိုသွားခဲ့ပါတယ်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်က ပရိသတ်တွေကို သတင်းကောင်းပြောဖို့အတွက် တော်တော်လေးစိတ်လှုပ်ရှားနေခဲ့ဟန်လည်းရှိပါတယ်။ ဘိုင်ဒင်က ပြောဆိုမယ့်အချိန်မှာ တီးလုံးသံတွေလည်း ထွက်ပေါ်နေခဲ့ပေမယ့် ဘိုင်ဒင်ကတော့ ဂီတသံတွေပါ ဖုံးလွှမ်းသွားအောင်အထိ ပြောဆိုသွားခဲ့တာကို New York Post က ဖော်ပြခဲ့ပါတယ်။
"အမေရိကန် ၁ ၊ အီရန် ၀ ၊ ပွဲပြီးသွားပါပြီ" လို့ ဘိုင်ဒင်က ပြောဆိုခဲ့ပြီး လူအုပ်ကြီးထဲကနေ USA လို့ စတင်အော်ချိန်မှာ ဘိုင်ဒင်ကိုယ်တိုင်လည်း USA USA USA လို့ အော်ဟစ်အားပေးခဲ့ပါတယ်။ "ကြီးမားတဲ့ပွဲတပွဲပဲ၊ နည်းပြနဲ့ ကစားသမားတွေကို ငါ စကားပြောခဲ့ချိန်တုန်းက မင်းတို့ လုပ်နိုင်လိမ့်မယ်လို့ ပြောခဲ့သေးတယ်၊ သူတို့ လုပ်နိုင်ခဲ့ပါပြီ၊ ဘုရားသခင်က သူတို့ကို ချစ်မြတ်နိုးတယ်" လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
ဘိုင်ဒင်ဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မတိုင်ခင်က အမေရိကန်လက်ရွေးစင်အသင်းနဲ့ တွေ့ဆုံစကားပြောခဲ့သေးပြီး ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ "ဘာပဲဖြစ်ဖြစ် ဒီစကားကို ခင်ဗျားတို့ ကြားချင်မယ်ထင်ပါတယ်" လို့ ဘိုင်ဒင်က နိဂုံးချုပ်ပြောဆိုပြီး စင်ပေါ်ကနေ ပြန်ဆင်းသွားခဲ့ပါတယ်။ အမေရိကန်ဟာ အုပ်စုတွင်းရှုံးပွဲမရှိဘဲ အုပ်စုဒုတိယအဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်ခဲ့ပြီး ဟော်လန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အုပ်စုပွဲစဉ် ၃ပွဲ ကစားခဲ့အပြီးမှာလည်း သွင်းဂိုး ၂ ဂိုးတည်းသာရှိခဲ့ပေမယ့် နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ခံစစ်ကတော့ ဝေးလ်နဲ့ပွဲမှာ ပင်နယ်တီကတဆင့်သာ ဂိုးပေးခဲ့ရပြီး ကျန်နှစ်ပွဲစလုံးပေးဂိုးမရှိအောင်ကစားနိုင်ခဲ့ပါတယ်။