အီရန်က ရုရှားကိုစစ်ကူပေးနေတာပါ။

ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်စစ်ကို ပါဝင်အားဖြည့်ပေးနေတဲ့ အီရန်နိုင်ငံက လက်ရွေးစင်ဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ပေးဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က တရားဝင်တောင်းဆိုလိုက်ပါတယ်။ ဒီနှစ်ဖေဖော်ဝါရီနှောင်းပိုင်းမှာ ရုရှားတို့ ယူကရိန်းကို စတင်ကျူးကျော်ခဲ့တာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေကနေ ရုရှားလက်ရွေးစင်အသင်းကို ထုတ်ပယ်ခဲ့ပါတယ်။



အီရန်ဟာ ရုရှားတို့အတွက် မောင်းသူမဲ့လေယာဥ်နဲ့ ဒုံးကျည်တွေကို ထောက်ပံ့ပေးခဲ့ပြီး ဒါတွေနဲ့အတူ ရုရှားက ယူကရိန်းရဲ့ပစ်မှတ်တွေကို တိုက်ခိုက်လျက်ရှိပါတယ်။ ဒီအကြောင်းကိုလည်း ကမ္ဘာ့နိုင်ငံကြီးတွေက အတည်ပြုထားပါတယ်။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဘက်က တရားဝင်မတောင်းဆိုခင်တည်းက အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကလည်း အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တရားဝင်တောင်းဆိုလာခဲ့တာပါ။

မီဒီယာတွေဆီက စနစ်တကျရရှိနေတဲ့သတင်းအချက်အလက်တွေအရ အီရန်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ပဋိဉာဥ်စည်းကမ်းများ၊ ကုလသမဂ္ဂရဲ့ စံချိန်စံညွှန်းများကို လူ့အခွင့်အရေးအရ ချိုးဖောက်နေကြောင်း၊ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုမှာ အီရန်နိုင်ငံလည်း ပါဝင်ပတ်သက်နေတာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အီရန်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ထည့်သွင်းစဥ်းစားစေလိုကြောင်း ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီရန်ဟာ ကမ္ဘာ့ဖလားအုပ်စု (B) မှာလည်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တအုပ်စုတည်း ကျရောက်လျက်ရှိပါတယ်။ ဗြိတိန်၊ အမေရိကန်တို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်မှာ ယူကရိန်းဘက်ကနေ အပြည့်အဝရပ်တည်ကာ လက်နက်အင်အားဖြည့်ဆည်းပေးနေတဲ့နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ အီရန်နဲ့ရုရှားနှစ်နိုင်ငံအကြား အရင်တည်းက ဆက်ဆံရေးကောင်းတွေရှိခဲ့ကြပြီး ရုရှားတို့ ယူကရိန်းကို ကျူးကျော်ချိန်မှာ အီရန်က အခုလိုမျိုး တဖက်တလမ်းက ကူညီတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိ ကာတာကမ္ဘာ့ဖလားမတိုင်ခင်မှာ နိုင်ငံရေးနဲ့အားကစားရောယှက်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ အခု ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုမတိုင်ခင်မှာလည်း တူနီးရှားလက်ရွေးစင်အသင်းမှာ နိုင်ငံရေးအရ ရောယှက်မှုတွေပါဝင်နေတာကြောင့် ကမ္ဘာ့ဖလားကနေ အထုတ်ခံရနိုင်ကြောင်း သတိပေးထားပါသေးတယ်။ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ (၂၀) ရက်နေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပြီး ဒီမတိုင်ခင်မှာ အီရန်၊ တူနီးရှားလက်ရွေးစင်အသင်းတွေရဲ့ အနာဂတ် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က