လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းနေရာ ယူကရိန်းကိုအစားထိုးဖို့အတွက် ဖီဖာကတော့ ဖိအားပေးခံနေရပါပြီ။ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ အီရန်က အင်္ဂလန်နဲ့ အုပ်စုအဖွင့်ပွဲကစားရမှာဖြစ်ပြီး သူတို့အုပ်စုမှာတော့ အမေရိကန်နဲ့ ဝေးလ်တို့လည်း ပါဝင်နေပါတယ်။ ဒီလအစောပိုင်းမှာပဲ လူ့အခွင့်အရေးလှုပ်ရှားသူအုပ်စုတခုဖြစ်တဲ့ Open Stadiums က အီရန်ရဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေကို ထောက်ပြပြောဆိုပြီး အီရန်ကို ဝင်ယှဉ်ပြိုင်ခွင့်မပေးဖို့ ဖီဖာကို တောင်းဆိုခဲ့ပါတယ်။
အီရန်မှာ Mahsa Amini ဆိုတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးလေးဟာ ယဉ်ကျေးမှုထိန်းသိမ်းရေးရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးခဲ့ပါတယ်။ ဆံပင်တွေကို ဖုံးအုပ်ထားခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းဆီးခဲ့ရာကနေ သေဆုံးခဲ့ပြီး ဒီအရေးကိစ္စအတွက် အီရန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေလည်း အကြီးအကျယ်ဖြစ်ပွားခဲ့ကာ အစိုးရကိုလည်း အပြင်းအထန်ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အီရန်က ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ ဥရောပသမဂ္ဂက စွပ်စွဲခဲ့ပြီး အီရန်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ အခုအခါမှာ ယူကရိန်းကလပ်ရှက်တာဒိုးနတ်အသင်းဥက္ကဌဖြစ်သူ ဆာဂျီပယ်လ်ကင်က ဖီဖာအနေနဲ့ အီရန်ကို ပြိုင်ပွဲက ထုတ်ပယ်ပြီး ယူကရိန်းကို အစားထိုးဖို့ တောင်းဆိုလိုက်ပါတယ်။
ရှက်တာဒိုးနတ်ရဲ့ တွစ်တာအကောင့်မှာ "ယူကရိန်းပြည်သူတွေက အီရန်ဒရုန်းနဲ့ ဒုံးကျည်တွေကြောင့် သတ်ဖြတ်ခံနေရချိန်မှာ အီရန်ခေါင်းဆောင်တွေက သူတို့နိုင်ငံအသင်း ကမ္ဘာ့ဖလားကစားမှာကို ပျော်ပျော်ကြီး စောင့်ကြည့်နေကြပါတယ်၊ ယူကရိန်းမြို့တွေကို အီရန်ဒရုန်း ၂၅၀ လောက်နဲ့ တိုက်ခိုက်နေတာပါ" လို့ ပယ်လ်ကင်က ရေးသားပြောဆိုခဲ့ပါတယ်။
သူတို့ရဲ့ ရေးသားပြောဆိုမှုကို ထောက်ခံအားပေးသူအများအပြားရှိနေပြီး ဖီဖာအနေနဲ့ အီရန်ကို ထုတ်ပယ်သင့်တယ်လို့ မှတ်ချက်ပြုနေကြပါတယ်။ ဖီဖာကတော့ ရုရှားကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ကစားခွင့်ပိတ်ပင်ထားပြီး နိုင်ငံတချို့ကလည်း ရုရှားနဲ့ ကစားရမယ့် ပွဲတွေကို ဖျက်သိမ်းခဲ့ကာ ကစားသမားတွေကလည်း ရုရှားနဲ့ကစားမယ့် ခြေစမ်းပွဲတွေကို ဝင်ကစားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။