မွေးနေ့ အလှူတွေလုပ်ရင်း ပီတိဖြစ်နေပါတယ်။

ဟိန်းဝေယံက အခုဆိုရင် အသက် ၃၀ ပြည့်ပြီဖြစ်ပါတယ်။ သူ ချစ်တဲ့ အမာခံပရိသတ်တွေနဲ့ အလှူတွေ အတူတူ လုပ်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

မေလ ၁၂ ရက်နေ့ ကတော့ သရုပ်ဆောင် ဟိန်းဝေယံရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူဟာ အသက် ၃၀ ပြည့်သွားပါပြီ။ သူ့ရဲ့ မွေးနေ့မှာ အလှူအတန်းတွေနဲ့ဖြတ်သန်းရတဲ့ ခံစားချက်ကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။



‘’ အသက် ၁ နှစ်ကြီးလာတော့ အရင်တုန်းကထက် အမှားနည်းအောင် အတတ်နိုင်ဆုံး ကြိုးစားရမယ်။ ဒီနေ့ကတော့ ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ လူနာတွေ၊ အပြင်လူတွေ စုစုပေါင်း ၁၂၀၀ အတွက်ကို လှူဖြစ်တာပါ။ နေရာ ၃ နေရာပေါ့ ပင်မဆောင်ရယ်၊ ဦးနှောက်နဲ့ အာရုံကြောရယ်၊ ကင်ဆာဌာနရယ်ပေါ့ အဲဒီ ၃ နေရာအတွက်ကို လှူဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ဟိန်းဝေယံ နဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ‘’ငွေကြယ်ပွင့်’’ ပရဟိတ အဖွဲ့ ကလည်း ဟိန်းဝေယံရဲ့ မွေးနေ့ အလှူမှာ တက်ညီလက်ညီ ပါဝင်ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

‘’ ငွေကြယ်ပွင့် ပရဟိတအဖွဲ့ကတော့ ဖွဲ့ထားတာ အချိန်အတိုင်းအတာ တစ်ခုတော့ရှိပါပြီ။ ဒီနေ့ ကျွန်တော့်မွေးနေ့မှာ ဒီအဖွဲ့မှာရှိကြတဲ့ ခင်မင်သူတွေကလည်း ဝိုင်းပြီးတော့ ကူညီကြတာ အရမ်းဝမ်းသာတယ်။ ဒီနေ့ မွေးနေ့လေးကို အလှူအတန်းလုပ်ရင်း ဖြတ်သန်းဖြစ်တာပီတိဖြစ်ရတယ်။ မွေးနေ့ တော်တော်များများကိုတော့ အလှူအတန်းလုပ်ပြီး ဖြတ်သန်းခဲ့တာများပါတယ်’’ လို့ မေလ ၁၂ ရက်နေ့ မနက်က ရန်ကုန်ဆေးရုံကြီးမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် ဟိန်းဝေယံရဲ့ ညီမငယ်ဖြစ်သူ စွဲညှို့ရှင် ကလည်း အစ်ကိုဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါသေးတယ်။ မိန်းမ မယူစေချင်သေးဘူးလို့ ပြောပါတယ်။

‘’ ဒီနှစ်မှ စပြီးတော့ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်ကြိုက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ အဖေနဲ့ အမေကို လုပ်ကျွေးတဲ့ သားကောင်းရတနာတစ်ဦးဖြစ်ပါစေပေါ့။ အသက် ၃၀ ပြည့်သွားတဲ့ ကိုကြီးအတွက် မွေးနေ့ဆုတောင်းက ဒီအတိုင်းလေးပဲ နေပါလို့။ မိန်းမ မယူပါနဲ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဆုတောင်းစကားပြောခဲ့ပါတယ်။

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကား တွေကနေတဆင့် ပရိသတ်တွေ အားပေးမှုရရှိခဲ့တာပါ။ အဲဒီနောက် အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်ရတာဖြစ်ပြီး အခုဆိုရင် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မကြာခင်မှာလည်း သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က