Photo - အမျိုးသားလွှတ်တော်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း အချက်ပါဝင်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်အတည်ပြုခဲ့ပါတယ်။ အဲ့ဒီ ဥပဒေကြမ်းထဲမှာ အသက် ၁၈ နှစ်မပြည့်လည်း လက်ထပ်နိုင်တယ်လို့ ဖော်ပြခဲ့တာပါ။
တည်ဆဲဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ ဘယ်လိုပဲပြဋ္ဌာန်းထားထား လက်ထပ်နိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြင်ဆင်ချက်တင်ခဲ့သလို ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားတဲ့အတိုင်း အတည်ပြုဖို့ တင်ပြတဲ့ ကိုယ်စားလှယ်လည်း ရှိတာကြောင့် အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
မဲခွဲဆုံးဖြတ်ရာမှာ လက်ထပ်နိုင်တဲ့ အသက်အရွယ်ကို အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ အမျိုးသားလွှတ်တော်က မတ်လ ၁၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဒီပုဒ်မ ၂၃ ပါ အသက်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး ပယ်ဖျက်ဖို့ ပြင်ဆင်ချက်တင်ထားတာ ရှိပါတယ်။ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ဟာ တည်ဆဲဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ အသက်နဲ့စပ်လျဉ်းတဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်နဲ့ အညီဖြစ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ထိမ်းမြားလက်ထပ်တဲ့စာချုပ် ချုပ်ဆိုပြီး လက်ထပ်တာ သို့မဟုတ် ကတိသစ္စာပြုပြီး ထိမ်းမြားတာဖြစ်ရင် ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတင်သွင်းတာကို အတည်ပြုလိုက်ပါတယ်။ အခုလို လွှတ်တော် ၂ ရပ်သဘောထားကွဲလွဲနေတာကြောင့် ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူကြရမှာဖြစ်ပါတယ်။