အလုပ်လုပ်ကိုင်နေတဲ့စက်ရုံဝန်းအတွင်းမှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်

အသက် ၂၇နှစ်အရွယ် မြန်မာလုပ်သားတစ်ဦး တောင်ကိုရီးယားစက်ရုံဝင်းတစ်ခုမှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ကိုရီးယားမှာရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။

ဓါတ်ပုံ-MAHAR Korea Language



တောင်ကိုရီးယားနိုင်ငံ အန်ဆန်းမြို့၊ရှိဟွန်းရှိစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒေသစံချိန် ၇ နာရီခန့်က အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်းအတွင်းမှာ ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။

“သတင်းမှန်ဖြစ်ပါတယ်။ အလုပ်ရှင်၊ မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြသနာဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်” လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက Duwun ရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

သေဆုံးသူဟာ E-9 ဗီဇာနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကိုစောအယ်စေဆိုသူဖြစ်ပြီး ၎င်းနဲ့ အတူအလုပ်လုပ်ကိုင်နေသူက သူ့ကို မတွေ့တာကြောင့် လိုက်လံရှာဖွေစဉ်မှာ စက်ရုံဝင်းအတွင်းရှိ ကွန်တိန်နာတစ်ခုအနီးမှ တန်းတစ်ခုကို အသုံးပြုပြီး ကြိုးဆွဲချသေဆုံးခဲ့တာ တွေ့ရခြင်းဖြစ်တယ်လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုစောအယ်စေဟာ မြန်မာနိုင်ငံမှာ မိဘနဲ့ ချစ်သူအကြား အဆင်မပြေတာကြောင့် စိတ်ဆင်းရဲပြီး ကိုယ်တိုင် အဆုံးစီရင်ခြင်းဖြစ်တယ်လို့ ကိုရီးယားမှာအလုပ်လုပ်ကိုင်နေတဲ့ သေဆုံးသူရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က