ဆာမိုင်ရာ မတ္တာဟာ အရွယ်နဲ့မမျှအောင် ထက်မြက်ပြီး ထူးခြားတဲ့ ကလေးမလေးတစ်ယောက် ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲရာမှာ နေထိုင်တဲ့ မတ္တာဟာ အသက် ၆ နှစ်ကတည်းက Coding စတင် ရေးသားခဲ့သူ ဖြစ်ပြီး အဲဒီကတည်းက CoderBunnyz ဆိုတဲ့ board ဂိမ်းတစ်ခု စတင်ဖန်တီးခဲ့ပါတယ်။ CoderBunnyz ဂိမ်းဟာ ကလေးတွေကို ယုန်ရုပ်ကလေးတွေ သုံးပြီး အခြေခံ coding သဘောတရားတွေ သင်ကြားပေးတဲ့ ဂိမ်းပုံစံသစ် ဖြစ်ပါတယ်။
Photo: Medium
အသက် ၄ နှစ်အရွယ်က စလို့ကစားနိုင်တဲ့ ဒီဂိမ်းဒီဇိုင်းအတွက် သူမဟာ တရုတ်နဲ့နယူးဇီလန်က ဂရပ်ဖစ်ဒီဇိုင်နာတွေနဲ့ဂိမ်းထုတ်လုပ်သူတွေနဲ့ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။ CoderBunnyz ဂိမ်းထုတ်လုပ်မှုအတွက် သူမဟာ သူမမိဘတွေဆီက အကူအညီ ရယူခဲ့ပါတယ်။ CoderBunnyz တီထွင်ပြီး နောက် နှစ်နှစ်အကြာမှာ CoderMindz လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး AI နည်းပညာသုံး board game ကို မိတ်ဆက်ခဲ့ပါတယ်။
မတ္တာဟာ လက်ရှိမှာ CodeBunnyz ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားပါတယ်။ သူမအမေကလည်း CodeBunnyz ရဲ့ ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်ပါတယ်။ ၂၀၁၈ ဧပြီလကစလို့CodeBunnyz ကုမ္ပဏီဟာ ဒေါ်လာ ၂ သိန်းခန့်ဝင်ထားပြီး ဂိမ်းပေါင်း ၆၀၀၀ ခန့်ရောင်းချထားပြီ ဖြစ်တယ်လို့ဆိုပါတယ်။
CodBunnyz ဂိမ်းကို ကျောင်းပေါင်း ၁၆၀ ကျော်မှာ အသုံးပြုနေပါတယ်။ မတ္တာဟာ ဒီဝင်ငွေကို ကုမ္ပဏီမှာ ပြန်ရင်းနှီးမြှပ်နှံထားသလို ကောလိပ်တက်ဖို့လည်း ငွေစုထားတယ်လို့CNBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အိမ်ခြေရာမဲ့ပြဿနာ ဖြေရှင်းနေတဲ့ ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းထားတယ်လို့ဆိုပါတယ်။ Walmart နဲ့Facebook လို ကုမ္ပဏီတွေဟာ ဒီဂိမ်းတွေကို ကမ္ဘာအရပ်ရပ်က စာကြည့်တိုက်နဲ့ကျောင်းတွေကို လှူဒါန်းဖို့မတ္တာနဲ့ပူးပေါင်းထားပါတယ်။
Photo: indiatimes
မတ္တာဟာ Google ၊ Microsoft နဲ့Intel တို့လို ကုမ္ပဏီတွေမှာ coding workshop ပေါင်း ၁၅၀ ကျော် သင်ကြားပေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းပြပွဲတစ်ခု ဖြစ်တဲ့ Mobile World Congress အပါအဝင် ကွန်ဖရင့်ပေါင်း ၅၀ ကျော် တက်ရောက် ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူမဟာ Think Tank Learning's Pitchfest မှာ ဒုတိယဆု ဒေါ်လာ ၂၅၀၀ ရခဲ့သလို သမ္မတကတော်ဟောင်း မစ်ချဲလ်အိုဘားမားဆီက စာတစ်စောင်လည်း ရခဲ့ပါတယ်။
မတ္တာဟာ Yes, 1Billion Kids Can Code အစီအစဉ်ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ လာမယ့် ၂၀၃၀ ဝန်းကျင်မှာ ကလေးငယ်ပေါင်း သန်း ၁ ထောင်ကို Coding ရေးနည်းသင်ပေးဖို့ရည်မှန်းထားတဲ့ အစီအစဉ်ပါ။ ၂၀၃၀ ပြည့်နှစ်လောက်ဆို မတ္တာလည်း ကောလိပ်ကနေ ဘွဲ့ရတော့မှာပါ။