အကာအကွယ်မပါဘဲ အတူနေမိသွားတဲ့ အခါ ကလေးမရနိုင်အောင် ဘယ်လိုကာကွယ်သင့်သလဲဆိုတဲ့နည်းလမ်းတွေကို အရွယ်ရောက်သူတိုင်း သိထားနားလည်ထားသင့်ပါတယ်။ အမှားအယွင်းတစ်ခုခုကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာမျိုးမဖြစ်အောင်၊ ကိုယ်ဝန်ရသွားတဲ့အခါမှာလည်း မလုပ်သင့်တဲ့ နည်းလမ်းတွေနဲ့ ဖျက်ချတာမျိုးတွေ မဖြစ်အောင် သန္ဓေတားနည်းတွေကို သိထားဖို့လိုပါတယ်။
သိထားသင့်တဲ့ အရေးပေါ်သန္ဓေတားနည်း (၂) မျိုး
မြန်မာနိုင်ငံမှာ အသုံးပြုလို့ ရနိုင်တဲ့ သန္ဓေတားနည်းတွေကတော့ အဓိက (၂) မျိုး ရှိပါတယ်။ အဲဒါတွေကတော့ အရေးပေါ် သောက်ဆေးနဲ့ သားအိမ်ထဲ ပစ္စည်းထည့်တဲ့နည်း ဖြစ်ပါတယ်။
အရေးပေါ်သန္ဓေတားဆေးရဲ့ အာနိသင်
အေရးပေါ်သန္ဓေတားဆေးကတော့ အတူတူနေပြီး ၇၂ နာရီအတွင်းသောက်ရမှာဖြစ်ပါတယ်။ အတူတူနေပြီး ၂၄ နာရီအတွင်း သောက်ရင်တော့ ၉၅ ရာခိုင်နှုန်းကာကွယ်နိုင်မှာဖြစ်ပေမယ့် ၂ ရက်ကနေ ၃ ရက်အတွင်းသောက်ရင်တော့ ၆၅ ရာခိုင်နှုန်းသာ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အတူနေပြီး အေရးပေါ်သောက်ဆေးသောက်မယ်ဆိုပါက စောစောနဲ့ မြန်မြန်သောက်ဖို့ လိုအပ်ပါတယ်။ နောက်ကျမှသောက်ပါက ဆေးအာနိသင်ကျသွားတဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေများတာကို သတိပြုဖို့ လိုပါတယ်။
သောက်ဆေးသောက်ခြင်း နောက်ဆက်တွဲ
သောက်ဆေးကတော့ စသောက်သောက်ချင်းမှာ အန်ချင်ပျို့ချင်ခြင်း၊ ခေါင်းကိုယ်ခြင်း၊ ရင်သားတွေ တင်းလာခြင်း၊ ရာသီလာ နောက်ကျတာ၊ စောတာ စတဲ့ ရာသီမမှန်ခြင်းမျိုးတွေ ဖြစ်တတ်ပါတယ်။ အေရးကြီးဆုံးကတော့ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် ဆေးက ပြန်ပါသွားတဲ့အတွက် အကျိုးသက်ေရာက်မှု မဖြစ်တော့ပါဘူး။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်မိခဲ့တယ်ဆိုပါက နောက်တစ်လုံးထပ်သောက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ပျို့အန်လို့ မသောက်နိုင်တော့ဘူးဆိုရင်တော့ နောက်တစ်နည်းအနေနဲ့ သားအိမ်ထဲကို ထည့်တဲ့ သန္ဓေတားဆေးကို အသုံးပြုရမှာဖြစ်ပါတယ်။
Photo - Medical News Today
သောက်ဆေးမသောက်သင့်သူတွေ
အရေးပေါ်သန္ဓေတားဆေး သောက်ဆေးဆိုတာ တစ်ခါဆက်ဆံပြီးတိုင်း တစ်လုံးသောက်ရတာဖြစ်ပြီး ဆေးသောက်ပြီး ၂၄ နာရီအတွင်း ထပ်နေမယ်ဆိုပါက နောက်တစ်လုံးထပ်သောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်လကို တစ်ကြိမ်ခန့် အတူနေသူတွေ၊ တစ်လကို သုံးကြိမ်၊လေးကြိမ်ခန့် အတူနေသူတွေကတော့ Emergency Pillသောက်တာ သင့်တော်ပေမယ့် အိမ်ထောင်ပြုထားသူတွေ၊ ပုံမှန်အတူတူနေသူတွေကတော့ မသောက်သင့်ပါဘူး။
သားအိမ်ထဲ ပစ္စည်းထည့်တဲ့ သန္ဓေတားနည်း ရဲ့ အာနိသင်
သားအိမ်ထဲ ပစ္စည်းထည့်တဲ့ သန္ဓေတားနည်းဆိုတာ ကိုယ်ဝန်ရခဲ့သည်ရှိသော် ကိုယ်ဝန်ကို သားအိမ်ထဲမှာ မကပ်အောင် အပြင်ကနေ Plastic ring လေး (IUCD) ထည့်ပေးလိုက်တဲ့အတွက် သန္ဓေက ကိုယ်ဝန်ထဲမှာ မတွယ်နိုင်တော့တာဖြစ်ပါတယ်။ သားအိမ်ထဲထည့်တဲ့တားနည်းကိုတော့ အတူတူနေပြီး ၅ရက်အတွင်းမှာ ထည့်ရမှာဖြစ်ပါတယ်။ သားအိမ်ထဲမှာပဲ ကိုယ်ဝန်မလိုချင်တဲ့ အချိန်တစ်ခုထိ မထုတ်ဘဲ ဆက်ထားလို့ရပြီး ကိုယ်ဝန်လိုချင်ပြီဆိုမှ ပြန်ထုတ်လိုက်လို့လည်းရပါတယ်။
Photo - Medical News Today
သားအိမ်ထဲပစ္စည်းထည့်တဲ့ သန္ဓေတားနည်းနဲ့ ပတ်သက်လို့ အထူးသတိပြုရမယ့်အချက်တွေ
သန္ဓေတားပစ္စည်း (IUCD) ထည့်တာကလည်း နောက်ပိုင်းမှာ ဓမ္မတာလာတဲ့အခါ နာကျင်ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေရေရှည်တားဆေးအနေနဲ့ သုံးလို့ရတဲ့အတွက် အကာအကွယ်မပါဘဲ အတူနေမိသွားတဲ့အခါ သိပ်ပြီး စိတ်ပူစရာမလိုတော့ပါဘူး။
သန္ဓေတားပစ္စည်းထည့်တဲ့အခါ ကျွမ်းကျင်ဆရာဝန်အကူအညီလိုအပ်ပါတယ်။
သားအိမ်ထဲကို ပစ္စည်းထည့်တဲ့အခါ မိမိဘာသာ ထည့်လို့မရပါဘူး။ ကျွမ်းကျင်ဆရာဝန်၊ဆေးခန်းတွေမှာ သွားရောက်ထည့်ရပါမယ်။ သားအိမ်ထဲထည့်မယ့်အချိန်မှာ အဖြူအရမ်းဆင်းနေတာတွေ၊ သားအိမ်ရောင်ရမ်းတာတွေ ဖြစ်နေရင်တော့ ထည့်လို့မရပါဘူး။ ဒါကြောင့်မို့ သန္ဓေတားကိရိယာထည့်တဲ့အခါ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်တာမျိုးလုပ်သင့်ပါတယ်။ အရေးပေါ် သန္ဓေတားဆေး အသုံးပြုတဲ့အခါ သောက်ဆေးသောက်တာက လွယ်ကူပေမယ့် သောက်ဆေးသောက်ဖို့ခက်ခဲနေတဲ့သူတွေ (ဉပမာ- သောက်ဆေးကြောင့် ၂ နာရီအတွင်း ပျို့အန်နေတဲ့သူတွေ) အနေနဲ့ သားအိမ်ထဲထည့်တဲ့ သန္ဓေတားနည်းကိုသာ အသုံးပြုသင့်ပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမြတ်မြတ်ဝါမှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။