ကျော်ကျော်ပိုင်မှူး ကတော့ သူလိုချင်တဲ့ မိသားစုဘဝလေးကို ခံစားချက်အပြည့်နဲ့ပြောပြလာပါတယ်။ လက်ရှိ အချစ်ရေးမှာတော့ အခက်အခဲတွေများလေ ပိုနီးစပ်လေပါပဲတဲ့။
Photo: Kyaw Kyaw Paing hmu
ကျော်ကျော်ပိုင်မှူးနဲ့ လိမ္မော်သီးတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကို တရားဝင် ဖွင့်ပြောပြထား ပြီးသားဖြစ်ပါတယ်။ ကျော်ကျော်ပိုင်မှူးကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးအပေါ် သူ့ရဲ့ ခံစားချက်တွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
“ ပိုင်ဆိုင်ချင်တဲ့ မိသားစုဘဝလေးကတော့ အေးအေးချမ်းချမ်းလေးနဲ့ မပူမပင် နေချင်တယ်။ ကိုယ်တွေဘက်ကတော့ ကြိုးစားရဦးမှာပေါ့။ သီချင်းဆိုတဲ့ အပိုင်းတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် ဖေးဖေးမမနဲ့ပေါ့။ တခြားအကြောင်းအရာကိစ္စတွေဆိုရင်လည်း ငါကတော့ ဘယ်လိုဖြစ်ချင်တယ်၊ သူ့ကိုလည်း အကြံဉာဏ်တောင်းတယ် ဘယ်လိုဖြစ်သင့်လဲ။ သူကလည်း ကိုယ့်ကို အကြံဉာဏ်တောင်းတဲ့အခါမှာ ကိုယ်တတ်နိုင်သလောက် အကြံဉာဏ်လေးပေးဖြစ်တယ်” လို့ ဆိုပါတယ်။
Photo: Kyaw Kyaw Paing hmu
အဆိုတော် လိမ္မောသီးကတော့ သူမနဲ့ ကျော်ကျော်ပိုင်မှူးတို့ရဲ့ အချစ်ရေးမှာ မိခင်ဖြစ်သူက သဘောမတူဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒါကိုတော့ ကျော်ကျော်ပိုင်မှူးကိုယ်တိုင်ကလည်း နားလည်ပေးတယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က လိမ္မော်သီးရဲ့ “အသက်ရှင်မယ့်သူ” တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
“ ကျွန်တော်တို့ကြားမှာ အတိုက်အခိုက်တွေများလေ ပိုနီးစပ်လေပါပဲ။ အဓိက ကတော့ နားလည်မှုပါ။ကျွန်တော် ခံယူထားတဲ့ Relationship က တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရမယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်ရှိရမယ်။ Respect ရှိရမယ်။ ဒီလိုတွေရှိနေရင် ဘယ်လို Relationship မဆို ခိုင်မြဲမယ်လို့ ယုံကြည်တယ်။ သမီးရည်းစားမှ မဟုတ်ဘူး အိမ်ထောင်ရေးမှာလည်း ဒီလိုလေးတွေရှိမယ်ဆိုရင် ခိုင်မြဲမယ်လို့ထင်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Kyaw Kyaw Paing hmu
ကျော်ကျော်ပိုင်မှူးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ၁၀စုနှစ်ကာလကျော်ရှိပါပြီ။ သူဟာ ဂီတကို ဝါသနာပါသူဖြစ်တာကြောင့် ဖျော်ဖြေရေးတွေမှာလည်း သီချင်းတွေ သီဆိုနေတာ တွေ့ရပါတယ်။ ကျော်ကျော်ပိုင်မှူးဟာ ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။