ရီးရဲလ်မက်ဒရစ်နဲ့ စပိန်ဂန္တဝင်ဂိုးသမားဟောင်းကြီး ကာဆီးလက်စ်ကတော့ သူ့ရဲ့တွစ်တာမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကြောင့် LGBT အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကာဆီးလက်စ်ဟာ သူ့ကိုယ်သူ မိန်းမလျာတယောက်ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေညက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီနောက် စပိန်ဂန္တဝင်နောက်ခံလူဟောင်း ပူယိုးလ်ကလည်း “ငါတို့ဇာတ်လမ်းတွေကို ထုတ်ပြောဖို့ အချိန်ရောက်ပြီ” လို့ ထပ်မံရေးသားခဲ့တာကြောင့် ကိစ္စက သာမန်ထက် ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာ ကာဆီးလက်စ်က အဆိုပါပို့စ်ကို ပြန်ဖျက်ခဲ့ပြီး အကောင့်ဟက်ခ်ခံရတာသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် ဒီကိစ္စကိုလည်း ဟာသတခုအဖြစ်သာ ဆိုလိုခဲ့တာကြောင့် ကာဆီးလက်စ်အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
LGBT အရေး လှုပ်ရှားသူတယောက်ဖြစ်တဲ့ ဖက်စ်ဟာနူက “ဘာတွေဖြစ်ခဲ့သလဲဆိုတာကို တိတိကျကျ ပြန်လည်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ကာဆီးလက်စ်က တကယ်ပဲ အကောင့်ဟက်ခ်ခံခဲ့ရတာလား ဒါမှမဟုတ် ဟာသလုပ်ခဲ့တာလားဆိုတာကိုပေါ့။ တကယ်လို့ ဟာသလုပ်ခဲ့တာဆိုရင်တော့ တော်တော်လေး စိတ်ပျက်ဖို့ကောင်းပါတယ်”
“ဘာကြောင့်လဲဆိုတော့ ဒါမျိုးက လူအများအာရုံစိုက်တာခံရဖို့အတွက် ဟာသလုပ်သင့်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ကာဆီးလက်စ်အကောင့် အမှန်တကယ်ဟက်ခ်ခံခဲ့ရတယ်ဆိုရင် ဒီလိုလုပ်ခဲ့သူက တော်တော်လေး ရွံရှာဖို့ကောင်းတဲ့သူပါပဲ။ အွန်လိုင်းပေါ်မှာ လိင်တူချစ်သူတွေအပေါ် ဆိုးရွားတဲ့ အလွဲသုံးစားလုပ်မှုတွေ အများကြီးရှိနေပြီး ဒါတွေကို အဆုံးသတ်ဖို့ လိုအပ်နေပါတယ်”
“ကျမတို့အဖွဲ့အစည်းအနေနဲ့တော့ ကာဆီးလက်စ်သာ အမှန်တကယ် အကောင့်ဟက်ခ်ခံရတယ်ဆိုရင် ဒါကို သက်သေပြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဖက်စ်ဟာနူဟာ မိန်းမလျာတယောက်ဖြစ်ကြောင်း ဖွင့်ဟဝန်ခံဖူးတဲ့ ဘောလုံးသမားဟောင်း ဂျက်စတင်ဖက်စ်ဟာနူရဲ့ တူမတယောက်ဖြစ်ပြီး ဂျက်စတင်ဟာ (၁၉၉၈) မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သူတယောက်လည်းဖြစ်ပါတယ်။