ယူနိုက်တက်နည်းပြတန်ဟက်ခ်ဟာ ကစားသမားတွေရဲ့ ပြင်ပနေထိုင်စားသောက်မှုပုံစံအတွက် စည်းကမ်းတင်းကျပ်ထားပေမယ့် တဖက်မှာလည်း ကစားသမားတွေအတွက် အစားအသောက်အဆင်ပြေစေဖို့ အထူးအစီအစဥ်တွေ ပြုလုပ်ပေးထားတယ်လို့ သိရှိရပါတယ်။
ကစားသမားတွေဟာ ကြယ်ငါးပွင့်အဆင့်ရှိ အစားအသောက်တွေကို အသင်းစားဖိုမှူးတွေထံ မှာယူပြီး စားဖိုမှူးတွေက ချက်ပြုတ်ပြီးတဲ့နောက်မှာ အသင်းဘက်ကနေ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးဖို့ စီစဥ်ထားတာပါ။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ အသင်းရဲ့ စားဖိုမှူးခေါင်းဆောင်အသစ်ကို ခန့်အပ်ကြောင်း တရားဝင်ကြေညာထားပါတယ်။
သတင်းရင်းမြစ်က “အခု ကာရင်တန်မှာ ပြင်ဆင်ထားတဲ့ စားသောက်ခန်းက ခေတ်ဟောင်းစားသောက်ဆိုင်လိုပုံစံမျိုးမဟုတ်ဘဲ အဆင့်မြင့်စားသောက်ဆိုင်တဆိုင်နဲ့ ပိုတူနေပါတယ်။ အကင်,ကင်လို့ရတဲ့ အခန်းတွေလည်းရှိပါတယ်။ စားဖိုမှူးတွေကလည်း ကစားသမားတွေအတွက် ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်ပေးပြီး ကစားသမားတွေဆီ ပို့ဆောင်ပေးနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုအပါအဝင် နာမည်ကျော်ကစားသမားအများစုက ကိုယ်ပိုင်စားဖိုမှူးတွေကို အသုံးပြုလေ့ရှိပြီး သူတို့ရဲ့ စားသောက်နေထိုင်မှုအတွက် ကိုယ်တိုင်ပြင်ဆင်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း အချို့သော ကစားသမားတွေက ငယ်ရွယ်သေးပြီး တယောက်တည်း နေထိုင်ရခြင်းအပြင် မီးဖိုချောင်မှာထက် ဘောလုံးကွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိကြောင်း သတင်းရင်းမြစ်ကဆိုပါတယ်။
နည်းပြသစ်တန်ဟက်ခ်ဟာ ပွဲကစားဖို့ရှိတဲ့ ရက်သတ္တပတ်တွေမှာ ယူနိုက်တက်ကစားသမားတွေကို အရက်နဲ့ အယ်လ်ကိုဟောပါဝင်တဲ့အရာတွေကို ပိတ်ပင်ထားပြီး စားသောက်တဲ့နေရာမှာလည်း လေ့ကျင့်ရေးကွင်းမှာသာ အတူတကွ စားသောက်ဖို့ ညွှန်ကြားထားပါတယ်။ နောက်ပိုင်းကာလတွေမှာ ယူနိုက်တက်ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက တော်တော်လေး ယိုယွင်းလာပြီး ဒီအချက်တွေကို တန်ဟက်ခ်က သူ့လက်ထက်မှာ လုံးဝပြောင်းလဲဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။