ဖီဖာက အကောင်းဆုံးအမျိုးသား ကစားသမားဆုအတွက် ၎င်းတို့ရဲ့ ဆန်ခါတင် ၁၁ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ရော်နယ်လ်ဒိုနဲ့ လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလာတို့ ပါဝင်ခဲ့သလို ချဲလ်ဆီးကွင်းလယ်ကစားသမား ၂ ဦးဖြစ်တဲ့ ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့လည်း ပါဝင်ခဲ့တာပါ။
ဖီဖာက နှစ်စဉ် ပေးအပ်နေတဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ခါတင် ၁၁ ဦးစာရင်း ထုတ်ပြန်ကြေညာခဲ့ရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မိုဟာမက် ဆာလာ၊ ဂျော်ဂျင်ညို၊ အန်ဂိုလို ကွန်တေ၊ ကီဗင် ဒီဘရိုင်းနား၊ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေ၊ နေမာ၊ ၂၀၂၀ အကောင်းဆုံးအမျိုးသမားကစားသမားဆုရရှိခဲ့သူ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ကာရင် ဘန်ဇီးမား၊ အာလင်း ဟာလန်းတို့ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားကစားသမားဆုပေးပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆုအတွက် ပြိုင်ပွဲမှာလိုပဲ မက်ဆီနဲ့ လီဗန်ဒေါ့ဗ်စကီးက ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဆွတ်ခူးနိုင်ဖို့အတွက် ရေပန်းအစားဆုံး ကစားသမားတွေ ဖြစ်နေကြတာဖြစ်ပြီး ယခုရာသီ ၁၆ ပွဲမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာကတော့ ၎င်းရဲ့ ထူးခြားတဲ့ခြေစွမ်းကြောင့် နောက်ကနေ ဖိအားပေးနေနိုင်တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုအတွက် ဆုရရှိဖို့ အခွင့်အရေးဟာ အားနည်းနေပုံ ပေါ်ပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးဟာ ယခုရာသီ မန်ချက်စတာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ် ၄ ပွဲစလုံးမှာ ဂိုးသွင်းယူထားပြီး ဂျူဗင်တပ်အသင်းကို မစွန့်ခွာမီမှာလည်း စီးရီးအေ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကြယ်ပွင့် ဒီဘရိုင်းနားက ပြီးခဲ့တဲ့ရာသီအတွက် ပရီးမီးယားလိဂ်မှာ PFA ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ကလည်း ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။
ဖီဖာရဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိနိုင်မယ့် ဆန်ခါတင်စာရင်းမှာ အင်္ဂလိဂ်ထိပ်တန်းပြိုင်ပွဲကနေ ဂိုးသမား ၃ ဦး ပါဝင်နေပြီး လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်၊ ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီ၊ လက်စတာစီးတီးဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်တို့ဟာ ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာ၊ အီတလီရဲ့ ယူရို ၂၀၂၀ ဟီးရိုး ဒွန်နာရမ်းမားတို့နဲ့အတူ ဆန်ခါတင်စာရင်းထဲမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ကက်စ်ပါ ရှမိုက်ကယ်ဟာ ဒိန်းမတ်အသင်းကို ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပေမယ့် ဒွန်နာရမ်းမားက အင်္ဂလန်အသင်းနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲအတွင်း ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အဆုံးအဖြတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဂိုးသမား မန်ဒီကတော့ စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဘယ်လွန်ဒေါ ဆန်ခါတင်စာရင်းမှာ အငြင်းပွားဖွယ် ထည့်သွင်းခံရခြင်း မရှိခဲ့တာဖြစ်ပါတယ်။ နည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ လီဗာပူးလ်နည်းပြ ကလော့ပ် မပါဝင်ခဲ့ဘဲ စပါးနည်းပြ ကွန်တီ၊ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာနဲ့ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်တို့ ပါဝင်နေပြီး ကွန်တီဟာ စပါးအသင်းကို စတင်ကိုင်တွယ်တာ တစ်လမပြည့်သေးဘူးဆိုပေမယ့် ပြီးခဲ့တဲ့မေလမှာ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။
နိုင်ငံတကာလက်ရွေးစင်အသင်းနည်းပြ ၃ ဦးလည်း ဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းခြင်း ခံခဲ့ရပြီး ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟန်ဆီ ဖလစ်၊ အီတလီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မန်ဆီနီ၊ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကိုပါအမေရိကဖလား အောင်မြင်မှုကို ရယူပေးခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီတို့နဲ့အတူ အက်သလက်တီကို မက်ဒရစ်ကို လာလီဂါဖလား ရရှိအောင် နည်းပြပေးခဲ့တဲ့ ဒီယေဂို ဆီမြွန်နီက အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၇ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးကစားသမားဆုအတွက် ထုတ်ပြန်ခဲ့တဲ့ ဆန်ခါတင် ၁၃ ဦးစာရင်းမှာ အာဆင်နယ်တိုက်စစ်မှူး ဗီဗီယန်း မီဒယ်မာ၊ မန်ချက်စတာစီးတီးကြယ်ပွင့် ၂ ဦးဖြစ်တဲ့ အယ်လန် ဝှိုက်၊ လူစီ ဘရွန့်ဇ်၊ ချဲလ်ဆီးအသင်းက မက်ဂ်ဒါလီနာ အဲရစ်ဆွန်၊ ပါနီလဲ ဟာဒါ၊ ဂျီ ဆိုယွန်းနဲ့ ဆမ် ကားတို့ ပါဝင်ခဲ့ကြပါတယ်။