မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်က သူက ကွင်းအတွင်းမှာ သတ်ဖြတ်ချင်စိတ်တွေပါ ဖြစ်ပေါ်တတ်ပြီး သူ့စိတ်ကိုသူ မနည်းထိန်းချုပ်ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူဟာ ဒီရာသီကမှ ယူနိုက်တက်ကို အေဂျက်ဇ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေသူလည်းဖြစပါတယ်။
အဲရစ်တန်ဟက်ဂျ်က ယူနိုက်တက်နည်းပြသစ်ဖြစ်လာချိန်မှာ သူ့ကို မရရအောင် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပြီး ယူနိုက်တက်ကလည်း အေဂျက်ဇ်ဘက်က တောင်းဆိုတဲ့ စျေးနှုန်းအတိုင်း ပေးချေကာ ခေါ်ယူခဲ့ပါတယ်။ မာတီနက်ဇ်က အချိန်တိုအတွင်းမှာပဲ အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက်တော့ ထိတ်လန့်စရာခံစစ်မှူးဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ပြိုင်ဘက်ကစားသမားတွေကို ညှာတာမှုလုံး၀မပေးဘဲ ပြတ်ပြတ်သားသားကစားဟန်နဲ့ ပတ်သက်ပြီး မေးမြန်ခဲ့ရာမှာတော့ သူက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ "ကျနော် ကိုယ့်ကိုကိုယ်ထိန်းချုပ်ရပါတယ်၊ အဲဒီလိုမှမဟုတ်ရင် ပွဲတိုင်းအပယ်ခံနေရမှာ၊ လိမ္မာဖို့ဆိုတာက ခက်တယ်ဗျ၊ တကယ်ခက်တယ်၊ တခါတလေ ကျနော် သတ်ချင်စိတ်တွေပါ ပေါ်လာတာ၊ ဒါပေမယ့် အဲဒါကို ထိန်းချုပ်နေရတယ်"
"ဒါက ကျနော်တို့ အာဂျင်တီးနားရဲ့ ယဉ်ကျေးမှုလို့ ထင်တယ်၊ ကျနော်တို့ အကုန်လုံးက အဲဒီလိုတွေချည်းပဲ၊ ဘောလုံး၊ ကျနော်တို့အတွက် အရာအားလုံးမှာ ဒီလိုမျိုးစိတ်ထားတွေနဲ့ပါ၊ ကျနော် ကလေးဘ၀တုန်းကဆိုရင် မှတ်မိသေးတယ်၊ ကျနော့်အသက် ၄ နှစ်၊ ၅ နှစ်လောက်မှာ ရန်စဖြစ်တယ်၊ ကျနော်ရှုံးပြီးဆိုရင် ငိုတော့တာပဲ၊ ဒါကြောင့် အဲဒီစိတ်က ကျနော့် အသွေးအသား၊ နှလုံးသားထဲက လာတာလို့ ပြောရပါမယ်" လို့ မာတီနက်ဇ်က ဆိုပါတယ်။
မာတီနက်ဇ်ကတော့ သူ့ရဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် ဝေဖန်ခံရမှုအချို့ရှိပေမယ့်လည်း ပါးနပ်တဲ့ ဖျက်ထုတ်မှုတွေကြောင့် ကျော်ကြားနေခဲ့တာဖြစ်ပါတယ်။ အမ်စတာဒမ်က သားသတ်သမားလို့ အေဂျက်ဇ်မှာ ကျော်ကြားခဲ့ပြီး ယူနိုက်တက်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဏလေးအတွင်းမှာ ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။