၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဂျက်ခ် ဆွီးနေးဟာ Tesla နဲ့ SpaceX သူဌေးကြီးဆီက "ဒါလေး ဖြုတ်ချပေးနိုင်မလား။ လုံခြုံရေးအရ အန္တရာယ်တစ်ခုဖြစ်လို့ပါ" ဆိုတဲ့ မက်ဆေ့တစ်စောင် ရခဲ့ပါတယ်။
အီလွန်မတ်စ်ဟာ သူ့ပိုင်လေယာဉ်တည်နေရာကို ခြေရာခံနေတဲ့ Twitter အကောင့်ပိုင်ရှင်နဲ့ ဆက်သွယ်ခဲ့ပြီး အကောင့်ဖြုတ်ချရင် ဒေါ်လာ ၅၀၀၀ (မြန်မာငွေ သိန်း ၉၀ နီးပါး) ပေးမယ်လို့ မက်ဆေ့ချ်ပို့ခဲ့တာလို့ The Protocol ဝက်ဘ်ဆိုက် ဖော်ပြပါတယ်။ ဆွီးနေးဟာ အများပြည်သူတွေ ရယူနိုင်တဲ့ လေကြောင်းခရီးစဉ်အချက်အလက်တွေကို စောင့်ကြည့်နိုင်တဲ့ bots သုံးပြီး မတ်စ်ရဲ့ ကိုယ်ပိုင်လေယာဉ်လှုပ်ရှားမှုတွေကို Elon Musk's Jet (@ElonJet) ဆိုတဲ့ Twitter အကောင့်နဲ့ ဖော်ပြပေးနေတာပါ။
ဂျက်ခ် ဆွီးနေး (Photo: nypost)
ပြီးခဲ့တဲ့နှစ် မနက် ၁၂ နာရီ ၁၃ မိနစ်မှာ မတ်စ်ဟာ ဆွီးနေးကို "ဒီအကောင့်လေး ဖြုတ်ချပေးနိုင်မလား။ ဒါက လုံခြုံရေးအရ အန္တရာယ်တစ်ခု ဖြစ်လို့ပါ" ဆိုပြီး တိုက်ရိုက်မက်ဆေ့ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဆွီးနေးကတော့ "ရတယ်လေ။ ဒါပေမယ့် Model 3 တစ်စင်းစာလောက် ကုန်လိမ့်မယ်" လို့ ပြန်ပြောခဲ့တာပါ။ မတ်စ်ကမ်းလှမ်းတဲ့ ဒေါ်လာ ၅၀၀၀ အစား ဆွီးနေးက ဒေါ်လာ ၅ သောင်းတောင်းခဲ့ပြီး ဒီလောက်ငွေနဲ့မှ ကျောင်းစရိတ်ဖူလုံသလို ကားတစ်စင်းပါ ဝယ်နိုင်လိမ့်မယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပထမတော့ မတ်စ်ဟာ ဆွီးနေးတောင်းတဲ့အတိုင်း ပေးဖို့ စဉ်းစားမယ့်အကြောင်း ပြောခဲ့ပြီး နောက်တော့ အကောင့်ဖြုတ်ချဖို့ ငွေအမ်းရတာဟာ နည်းလမ်းမကျဘူးလို့ ခံစားတာကြောင့် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်စ်နဲ့ တိုက်ရိုက်မက်ဆေ့ချ် ပို့ဖြစ်တဲ့ ဆွီးနေးကတော့ သူဟာ နောက်ပိုင်းမှာ သူဟာ မတ်စ်ပိုင် ကုမ္ပဏီတွေထဲကတစ်ခုခုမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားနိုင်တယ်လို့ New York Post ကို ပြောပါတယ်။
Photo: news.tvs-24
@ElonJet ဟာ ဆွီးနေးဖန်တီးထားတဲ့ လေယာဉ်ပျံသန်းမှု ခြေရာခံအကောင့်ပေါင်း ၁၅ ခုထဲက တစ်ခုဖြစ်တယ်လို့လည်း Protocol က ဖော်ပြထားပါတယ်။ ဒီအကောင့်တွေထဲမှာ ဘီလ်ဂိတ်စ် နဲ့ ဂျက်ဖ်ဘီဇော့စ်တို့လို နာမည်ကြီး သူဌေးကြီးတွေရဲ့ လေယာဉ်ပျံသန်းမှုကို စောင့်ကြည့်ဖို့ ဖန်တီးထားတဲ့ အကောင့်တွေလည်း ပါဝင်နေပါတယ်။ မတ်စ်ပိုင် လေယာဉ်ပျံသန်းမှုကို ခြေရာခံဖို့ လုပ်ထားတဲ့အကောင့်မှာ Follower ၁၁၅၀၀၀ ကျော် ရှိပြီး တခြားအကောင့် ၁၄ ခုထက် Followers ပိုများတယ်လို့ ဆိုပါတယ်။