ထွန်းထွန်းကတော့ "သားကောင်းမိခင်" ဇာတ်ကားရိုက်ခဲ့စဉ်က ဝါရင့် အနုပညာရှင်ကြီးတွေ အပြင်၊ နေတိုး၊ စိုင်းစိုင်း တို့နဲ့ ဆုံတွေ့ခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြခဲ့ပါတယ်။
Photo: Tun Tun
သရုပ်ဆောင် ထွန်းထွန်းကတော့ ဂီတလောကထဲကနေသရုပ်ဆောင် လောကထဲကို ဝင်ရောက်လာချိန်မှာ သူ့အတွက် အမှတ်တရတွေ အများကြီးရှိတဲ့ဇာတ်ကားတွေထဲမှာ "သားကောင်းမိခင်" ဇာတ်ကားလည်း တစ်ကားအပါအဝင်ပဲလို့ဆိုပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ ဝါရင့်အနုပညာရှင်ကြီးတွေ ဆီက ပညာယူခွင့်ရခဲ့တဲ့ ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။
" လွန်ခဲ့တဲ့ ၂၀၀၆ က ရိုက်ကူးခဲ့ကြတဲ့ 'သားကောင်းမိခင်' နိုင်ငံတော်အကျိုးပြုဇာတ်လမ်း။ ဒါက ကိုကိုထွန်းထွန်းရဲ့ပထမဆုံးနိုင်ငံတော်ဇာတ်ကားလေးပေါ့ဗျာ။ လေးလေးပန်းချီဦးစိုးမိုး၊ လေးလေးဦးငြိမ်းမင်းတို့လို တကယ့် Legend ကြီးတွေနဲ့ ဆုံခဲ့ ပညာတွေယူခွင့်ရခဲ့တယ်။ ဦးလွင်မိုး၊ ဦးဇင်ဝိုင်း၊ မကြီးစိုးတို့လို ဝါရင့်၊သဘာရင့် ကြီးတွေနဲ့အတူတူ သရုပ်ဆောင်ခွင့်ရခဲ့တယ်။ သင်ယူခွင့်ရခဲ့တယ်။ ဗကနဲ့လည်း အဲ့ဒီမှာစခင်သွားတာ အခု သားအငယ်ဆုံးက လူပျိူပေါက်ဖြစ်နေပြီ" ဆိုပြီးတော့ သြဂုတ်လ (၁၆) ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Tun Tun
"သားကောင်းမိခင်" ဇာတ်ကားထဲမှာ ထွန်းထွန်းဟာ စိုးမြတ်သူဇာရဲ့ သားငယ်၊ နေတိုးရဲ့ ညီလေး နေရာက ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ကားထဲမှာလည်း ထွန်းထွန်းဟာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပထမဆုံး အတူတူသရုပ်ဆောင်ခွင့်ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ သူက ဆိုပါတယ်။
"အမှတ်တရတွေများကြီးပဲ။ အဲဒီတုန်းဆို ကိုနေတိုးနဲ့က ဒါမတိုင်ခင် တစ်ကားပဲရိုက်ဖူးသေးတာ။ကိုစိုင်းနဲ့က ဇာတ်ကားရိုက် ပထမဆုံးဆုံတာပေါ့။ စဉ်းစားလိုက်တိုင်း အမှတ်တရတွေနဲ့ပျော်စရာကောင်းနေရောပဲ။ Pop Rap သီချင်းတွေဆိုခဲ့တဲ့ Examplez ကကောင်လေး ကနေ သဘာဝကျတဲ့ ရုပ်ရှင် သရုပ်ဆောင်ဖြစ်ဖို့ အတွက် ကြိုးစားသင်ယူခဲ့တဲ့ ကာလတွေပေါ့။ ခုထိလည်း လေ့လာသင်ယူနေရဆဲပါပဲဗျာ" ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Tun Tun
သားကောင်းမိခင် ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၀၆ ခုနှစ်အတွင်းက မြန်မာ့ရုပ်မြင်သံကြားကနေ လွှင့်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က လွန်ခဲ့တဲ့ (၁၄) နှစ်က “သားကောင်းမိခင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းကတော့ ” ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။
Photo: Tun Tun
ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။