အသည်းတွေကွဲနေတာလား…။မျက်ရည်သုတ်လိုက်ပါ။ အသည်းကွဲတာ ဘဝအတွက် အကျိုးအမြတ် အများကြီး ရရှိတာပါပဲ။

နာကျင်ခံရခက်လွန်းတဲ့ အသည်းကွဲခြင်းဟာ အကျိုးကျေးဇူးလည်း ရရှိနိုင်ပါတယ်။



အသည်းကွဲချင်တဲ့သူရယ်လို့ ကမ္ဘာမှာမရှိပါဘူး။ နာကျင်ခံစားရခက်လွန်းတဲ့ အသည်းကွဲခြင်း ဝေဒနာကို လူတိုင်းကြောက်ကြပါတယ်။ ဒါပေမယ့်လည်း အသည်းကွဲတာက ဘဝအတွက် ရလဒ်ကောင်းတွေ ရစေနိုင်ပါတယ်။ အရူးတစ်ယောက်လို ဖြစ်စေနိုင်တဲ့ အသည်းကွဲခြင်းဟာ ဘယ်လိုရလဒ်ကောင်းတွေရရှိစေနိုင်တာလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ပိုလှလာတယ်

အသည်းကွဲသွားတဲ့မိန်းမတစ်ယောက်ဟာ ပိုလို့တောင် လှလာကြပါသေးတယ်။ မယုံမရှိပါနဲ့ ။ မိန်းမတွေက အသည်းကွဲချိန်သာ စိတ်ဓာတ်လဲပြိုကျပြီး အိပ်ယာထဲ လဲနေပေမယ့် စိတ်သက်သာရာရလာတဲ့အခါ သူတို့ရဲ့ ဝါသနာက အလှပြင်တာပါပဲ။ နေရင်းထိုင်ရင်းတောင် လှချင်ကြတဲ့ အမျိုးသမီးတွေဟာ အသည်းကွဲပြီး ပိုလှလာတဲ့ အရသာကို မက်မောကြပါတယ်။ အဲဒီအတွက် ရည်းစားဟောင်းကို ပေးခဲ့ရတဲ့ အချိန်တွေအစား ကိုယ့်ကိုယ်ကိုယ် ပေးပြီး ကျော့ရှင်းတဲ့ လှပမှုမျိုးကို ရလာတတ်ကြပါတယ်။

အချိန်တွေပိုလာတယ်

အရင်က သမီးရည်းစားနှစ်ယောက် ဘယ်သွားမယ် ၊ ဘယ်ဘာမယ် ၊ ဘာလုပ်မယ် စသဖြင့် သူ့အတွက်ချည်း ပေးခဲ့ရတဲ့ အချိန်တွေဟာ ကိုယ့်အတွက် ဖြစ်လာပါတယ်။ သင်တန်းတစ်ခုခုတက်မလား ၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားမလား ၊ ရှော့ပင်ထွက်မလား ၊ အလှပြင်မလား ကိုယ်လုပ်ချင်ရာကို ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘဲ လုပ်လို့ရတာ အသည်းကွဲနေတဲ့အချိန်တွေပါပဲ။

အချစ်ဟာ မလှပဘူးဆိုတာသိလာတယ်

ငယ်ငယ်က စင်ဒရဲလားပုံပြင်တွေ၊ စနှိုးဝှိုက် ပုံပြင်တွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကိုယ်တွေအတွက် အချစ်ဆိုတာ လှပခမ်းနားတဲ့အရာလို့ထင်မှတ်မှားကြပါတယ်။ တကယ်တော့ နှစ်ယောက်အတူတူဘဝကို လျှောက်လှမ်းရတဲ့အခါ နေ့စဉ်ဘဝရဲ့ အရှုပ်ထုပ်တွေကို ရင်ဆိုင်ဖြေရှင်းရတဲ့အပြင် နှစ်ယောက်ဖြစ်နေတဲ့အတွက် ညှိနှိုင်းနေရတဲ့ ကိုယ့်ရဲ့ ဆန္ဒအမှန်က မလုပ်ဖြစ်တော့တာ၊ မပြောဖြစ်တော့တာ များပါတယ်။ အသည်းကွဲပြီး ချစ်သူနဲ့ ပြတ်သွားရင်တော့ ဒီလိုလိုက်ညှိနှိုင်းနေစရာမလိုတော့ဘဲ ကိုယ့်ဆန္ဒအတိုင်း ၊ ကိုယ့်စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်ခွင့်ရှိသွားပါပြီ။

ကျန်းမာရေးကောင်းလာတယ်

နှစ်ယောက်အတူ ရှိနေချိန်မှာ စိတ်တိုရ ၊ ဒေါသထွက်ရနဲ့ ခေါင်းကိုက်တာတွေ ၊ နှလုံးအောင့်တာတွေ ဖြစ်ရသလို ပိုချစ်ရင် ပိုနာကျင်ရတယ်ဆိုတဲ့အတိုင်း စိတ်ခံစားမှုနာကျင်တာတွေ ပြောမဆုံးနိုင် ဖော်ပြလို့မတတ်သာတဲ့ ရောဂါတွေ ခံစားခဲ့ရမှာပါ။ တစ်ယောက်တည်းဖြစ်သွားပြီဆိုရင်တော့ လွတ်လပ်ပေါ့ပါးပြီး ဘယ်သူ့အတွက်မှ ခံစားနေစရာမလိုဘဲ ကိုယ့်အတွက်ကိုယ်သာ ကြည့်ရမယ့်အခြေအနေဖြစ်လာတဲ့အတွက် ကျန်းမာရေးလည်း အလွန်ကောင်းလာပါလိမ့်မယ်။

ကိုယ်နဲ့ထိုက်တန်သူနဲ့ တွေ့ဖို့အခွင့်အရေး

လမ်းခွဲပြတ်ဆဲလိုက်တယ်ဆိုကတည်းက ကိုယ်နဲ့သူဟာ မထိုက်တန်လို့ပါ။ ကိုယ်မထိုက်တန်တဲ့သူရဲ့ လက်ကိုတွဲထားပြီး ကိုယ့်ဘဝအတွက် အစစ်အမှန်လက်တွဲဖော်ကို ရှာဖွေလို့မရပါဘူး။ နောက်တစ်ယောက်ကြုံဆုံလာချိန်မှာလည်း အချစ်စစ် ဟုတ်မဟုတ် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လာနိုင်ပါလိမ့်မယ်။ အချစ်မှာ အတွေ့အကြုံရှိသွားပြီးသားဖြစ်တဲ့အတွက် ကိုယ်နဲ့ ထိုက်တန်သူကို တွေ့လာတဲ့အခါမှာလည်း သေချာချိန်ဆ ချင့်ချိန်ပြီးမှ သမီးရည်းစားကြား ရှောင်သင့်ဆောင်သင့်တာတွေ သိထားတော့ ပိုအဆင်ပြေတာပေါ့။

စိန်ခေါ်မှုတစ်ခုပါပဲ

အတူရှိနေတဲ့ သူတစ်ယောက် ကိုယ့်နံဘေးက ထွက်ခွာသွားတဲ့အခါ ကိုယ့်ဘဝက ဘာဖြစ်သွားမှာလဲ။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတစ်ခုပြုလုပ်ပြီး အလုပ် ၊ ကျောင်း ၊ ဒါမှမဟုတ် သင်ယူမှုတစ်ခုခုပြုလုပ်ပါ။ သူမရှိလည်း ကိုယ့်ဘဝက ဘာမှမဖြစ်သွားဘူး။ ပိုလို့တောင် အဆင်ပြေလာတယ်ဆိုတာမျိုး ဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတွေ လုပ်ပြီး သေချာ လုပ်နိုင်ရင် လုပ်နိုင်သလောက် ဘဝအတွက် အကျိုးရှိတာတွေ ရရှိလာနိုင်ပါသေးတယ်။

သတ္တိတွေပိုရှိလာတယ်

ရည်းစားဟောင်းရဲ့ ဘာမလုပ်ရ ညာမလုပ်ရ စည်းမျဉ်းတွေအောက်မှာ မွန်းကြပ်ပြီး တချို့ဆို တကယ်ကို ဘာမှမလုပ်ရဲတော့တဲ့ စိတ်မျိုးတောင်ဝင်သွားတတ်ကြပါတယ်။ ချစ်သူမရှိတော့ဘူး။ ကိုယ့်ဘဝကို ကိုယ် ပြန်ပိုင်သွားပြီဆိုရင်တော့ အရင်ကထက် ပိုပြီး သတ္တိတွေရှိလာမှာ အသေအချာပါပဲ။

ဒီတော့ အသည်းကွဲတာပျောက်တဲ့ဆေးကို တကူးတကလိုက်ရှာမနေပါနဲ့။ အသည်းကွဲလေ ဘဝက ပိုမြင့်မားပြည့်စုံလေဖြစ်အောင်သာ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က