သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ရဲ့ ဇနီးဖြစ်သူမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အပါအဝင် သားဖြစ်သူနဲ့ မိသားစုဝင် အားလုံးပေါင်း ၇ ယောက်ဟာ Facility ကွာရန်တင်းဝင်ရောက်နေပြီဖြစ်ကြောင်းနဲ့ အားလုံးကို Swap ယူပြီး ဓာတ်ခွဲနမူနာစစ်ဆေးမှာဖြစ်တယ်လို့ ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။
``အမျိုးသမီးက ၂ ရက်နေ့မှာ ရေချိုးမှားပြီး ဖျားချင်သလိုဖြစ်တယ်။ ညနေမှာ အဖျားသက်သာသွားပြီလို့ ပြောတယ်။ ၄ ရက်နေ့ မနက်မှာတော့ အနံ့ မရကြောင်း သိရလို့ မြို့နယ် ကျန်းမာရေး ဆရာဝန်ကြီးနှင့် ချိတ်ဆက်ပြီး ရန်ကုန်အရှေ့ပိုင်းဆေရုံကြီးမှာ စစ်ဆေးမှု ခံယူခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာ အမျိုးသမီးမိသားစု၊ ကျွန်တော့်သား ၊ ကျွန်တော်် ကွာရန်တင်းဝင်မှာပါ။ တချို့တဝက်က Q ရောက်သွားပါပြီ ၊ကျနော်လည်း သွားဖို့ အခုစောင့်နေတာပါ"လို့ ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။
ဒေါက်တာဝေဖြိုးအောင်ရဲ့ ဇနီးဟာ စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ COVID-19 ထုတ်ပြန်ချက်မှာ သာကေတမြို့နယ်က ထပ်တိုးလူနာ ၂ ဦးထဲက လူနာ တစ်ဦးဖြစ်ပြီး လူနာအမှတ် ၁၂၃၂ ဖြစ်ပါတယ်။ သူဟာ အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိသလို ပြည်ပခရီးသွား ရာဇဝင်၊ ရခိုင်ပြည်နယ်ခရီးသွားရာဇဝင်လည်း မရှိဘူးလို့ သိရပါတယ် ။
" ကျွန်တော် နေပြည်တော်သွားရင် အမျိုးသမီးက သူ့မိသားစုအိမ်မှာနေတယ်။ ကျွန်တော် ပြန်လာရင် ဒီကိုလာတယ်ပေါ့။ ဆိုတော့ ကျွန်တော် နေပြည်တော်ကနေ စနေနေ့ပြန်ရောက်တယ်။ စနေ၊တနင်္ဂနွေ၊ တနင်္လာ အထိ အမျိုးသမီးနဲ့ ကျွန်တော် အတူရှိတယ်။ ဒါကြောင့် ကျွန်တော်လည်း ကွာရန်တင်းဝင်တာပါ။နောက်ပြီး ကျွန်တော်ကလည်း ၄ ရက်တည်းက အိမ်ထဲမှာပဲ နေပါတယ်၊ လက်ရှိမှာ ကျန်းမာရေးအခြေအနေကတော့ ပုံမှန်အတိုင်းရှိပြီ။ အဖျားမရှိပါ။အနံ့လည်းရသလို အရသာလည်းရပါတယ်။"လို့ ထပ်မံပြောပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေဟာ လူနာ ၁၂၃၂ ရောဂါကူးစက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို လိုက်လံ စစ်ဆေးရှာဖွေနေတယ်လို့သိရပါတယ်။ သာကေတမြို့နယ်ဟာ Stay Home သတ်မှတ်ခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။