လက်ရှိ ခွဲဝေလိုက်တဲ့ Play-off အနေအထားတွေအရ ပေါ်တူဂီ ဒါမှမဟုတ် အီတလီ တသင်းသင်းက ကာတာကမ္ဘာ့ဖလား ဝင်ရောက်ခွင့် လွဲချော်ရတော့မယ်လို့ သိရှိရပါတယ်။ (၂၀၂၂) မတ်မှာ ကစားမယ့် ကမ္ဘာ့ဖလား Play-off ပွဲစဥ်တွေကို မဲခွဲခဲ့တဲ့နေရာမှာ ပေါ်တူဂီက တူရကီနဲ့ အိမ်ကွင်း၊ အီတလီက မြောက်မက်ဆီဒိုးနီးယားနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။
ဒီနှစ်သင်းရဲ့ လမ်းကြောင်းက C မှာ တထပ်တည်းကျသွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ဒါမှမဟုတ် အီတလီ တသင်းသင်းကို မြင်တွေ့ခွင့်ရတော့မှာမဟုတ်ပါဘူး။
ဒီလိုမျိုး လမ်းကြောင်းကျရောက်လာမှုအပေါ် တူရကီနည်းပြ ကန့်ဇ်ရော၊ အီတလီနည်းပြ မန်စီနီကပါ ခက်ခဲတဲ့ ရေးဆွဲမှုတခုအဖြစ် မှတ်ချက်ပြုခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ပေါ်တူဂီနဲ့ အီတလီတို့က ယူရို- ၂၀၁၆ နဲ့ ယူရို- ၂၀၂၀ ချန်ပီယံတွေဖြစ်ကြပြီး အခုလိုအနေအထားက နှမြောစရာလို့ဆိုရမှာပါ။ ဒါ့အပြင် လမ်းကြောင်း A မှာလည်း ဗြိတိန်ဘက်က ဝေးလ်စ်နဲ့ စကော့တလန်တို့ တထပ်တည်းကျခဲ့ပြန်ပါတယ်။
စကော့တလန်က ယူကရိန်းနဲ့ ကစားရမှာဖြစ်ပြီး ဝေးလ်စ်ကတော့ သြစတြီးယားနဲ့ ရင်ဆိုင်ရမှာပါ၊ နှစ်သင်းလုံးနိုင်ခဲ့ရင်တော့ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး ဗြိတိန်ဘက်က တသင်းသင်း ကမ္ဘာ့ဖလားနဲ့ လွဲချော်ရပါလိမ့်မယ်။ လမ်းကြောင်း B မှာတော့ ရုရှားနဲ့ပိုလန်၊ ဆွီဒင်နဲ့ချက်တို့ ထိပ်တိုက်တွေ့နေပြီး လီဝန်ဒေါစကီး ဒါမှမဟုတ် အီဘရာဟီမိုဗစ်တယောက်ယောက်က သေချာပေါက် ကမ္ဘာ့ဖလားနဲ့ လွဲရဦးမှာပါ။
ဆီမီးဖိုင်နယ်ပွဲစဥ်တွေကိုတော့ မတ် (၂၄) မှာ ကစားမှာဖြစ်ပြီး အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးပွဲစဥ်တွေကိုတော့ မတ် (၂၉) မှာ ကစားရမှာဖြစ်ပါတယ်။