မက်ဆီက ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာတာပါ။

မျက်မှောက်ခေတ် ဘောလုံးလောကရဲ့ ခေတ်ပြိုင်ဘက်တွေလို့ဆိုရမယ့် ရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ယောက်လုံး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ကိုယ်စီအသင်းပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရော၊ မက်ဆီရော ယူနိုက်တက်နဲ့ PSG တို့မှာ ကျေနပ်လောက်စရာ အနေအထားတွေကို မရောက်ရှိသေးပါဘူး။



အထူးသဖြင့် ယူနိုက်တက်က ရလဒ်တွေပါဆိုးရွားလာခဲ့တဲ့နောက် နည်းပြဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ခဲ့ပြီဖြစ်ပါတယ်။ ဆိုးလ်ရှား အထုတ်ခံရတာက ယူနိုက်တက်ကစားသမားတွေရဲ့ တာဝန်လည်းမကင်းဘူးဆိုတဲ့ ဝေဖန်မှုတွေရှိနေပြီး ရော်နယ်ဒို ရုတ်တရက်ရောက်လာတာကြောင့်လည်း ဆိုးလ်ရှားရဲ့ ရာသီကြိုအစီအစဥ်တွေ ပျက်စီးခဲ့တယ်လို့ ပေါလ်မာဆင်က ဝေဖန်ထားသေးတာပါ။

ဒါပေမယ့်လည်း မက်ဆီကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အကောင်းမြင်စိတ်နဲ့ အခုလိုပဲ ချီးကျူးစကားပြောကြားခဲ့ပါတယ်။ မက်ဆီက “ယူနိုက်တက်က ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အရမ်းကို သန်မာတဲ့အသင်းတစ်သင်းပါ။ ရော်နယ်ဒိုက ယူနိုက်တက်အကြောင်း သိပြီးသားပါ”

“ဒါပေမယ့် သူက အခု မတူညီတဲ့ အဆင့်တစ်ခုမှာလည်း လေးစားလောက်စရာ အနေအထားနဲ့ အသင်းမှာ အသားကျနေပါပြီ။ ယူနိုက်တက်ကို ပြန်ရောက်တည်းက သူက ဂိုးတွေသွင်းနိုင်ပြီး အသင်းနဲ့အသားကျဖို့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ်က ကျနော်တို့အားလုံး ထင်ထားသလောက် မကောင်းပါဘူး”

“အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်ပြီး ဒီပြိုင်ပွဲက အလှည့်အပြောင်းတွေ အများကြီးရှိနေပါတယ်။ ဒီဇင်ဘာပြီးရင်လည်း အများကြီး ပြောင်းလဲသေးသလို ဘာမဆိုဖြစ်သွားနိုင်တဲ့နေရာတစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ပြောင်းသွားပြီးတည်းက နှစ်ယောက်သား လိဂ်တစ်ခုတည်းမှာ ပြိုင်ဆိုင်ခွင့်မရတဲ့အပေါ်မှာလည်း မက်ဆီက “ကျနော်တို့ တစ်ယောက်ချင်းအရပြိုင်ခဲ့တယ်။ ဂိုးတွေသွင်းရင်း အသင်းလိုက်လည်း ပြိုင်ဆိုင်ခဲ့ကြပါတယ်”

“ကျနော်တို့အတွက်ရော၊ အခြားသူတွေအတွက်ရော ဒါက အရမ်းကိုလှပတဲ့ ရှိုးတစ်ခုဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေလည်း သဘောကျလို့ပါ။ ဘောလုံးသမိုင်းတလျှောက် ကျနော်တို့ရဲ့အားပြိုင်မှုက လှပတဲ့ အမှတ်တရတွေအဖြစ် ကျန်ရစ်ခဲ့မှာပါ” လို့လည်း ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က