ရော်နယ်ဒိုရဲ့ ဆုံးရှုံးမှုက အစားထိုးလို့မရခဲ့ပါဘူး။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် မနေ့ညက ဝမ်းနည်းစရာ သတင်းတပုဒ်ကိုကြေညာခဲ့ပါတယ်။ ဒါကတော့ ရော်နယ်ဒိုရဲ့ချစ်သူ ဂျော်ဂျီနာ နောက်ဆုံးမွေးဖွားခဲ့တဲ့ အမြွှာနှစ်ယောက်မှာ သမီးလေးသာ အသက်ရှင်ခဲ့ပြီး သားယောက်ျားလေးကိုတော့ ဆုံးရှုံးလိုက်ရတဲ့အကြောင်းပဲဖြစ်ပါတယ်။



ရော်နယ်ဒိုရဲ့ ဒီကြေညာချက်အပြီးမှာ တကမ္ဘာလုံးက ပရိသတ်တွေ၊ နာမည်ကျော်တွေက ရော်နယ်ဒိုနဲ့ တသားတည်းအတူရှိနေကြောင်း သက်သေပြခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ ဒီဂီယာတို့အပါအဝင် ယူနိုက်တက် ကစားသမားတွေကလည်း ရော်နယ်ဒိုကို ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ ယူနိုက်တက်ရဲ့ တရားဝင်တွစ်တာအကောင့်ကနေတဆင့် “မင်းရဲ့နာကျင်မှုက ငါတို့ရဲ့နာကျင်မှုပဲ။ ချစ်ခြင်းမေတ္တာတွေနဲ့ သန်မာမှုတွေကို မင်းနဲ့မင်းမိသားစုအတွက် ငါတို့မျှဝေပေးမှာပါ” လို့ ရေးသားခဲ့ပါတယ်။

ပီယာ့စ်မော်ဂန်၊ ဂယ်ရီလိုင်နီကာတို့လို နာမည်ကျော်တွေက ရော်နယ်ဒိုနဲ့တသားတည်းရှိကြောင်း ပြသခဲ့ပြီး ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့ကလည်း ရော်နယ်ဒိုရဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း သူတို့ရဲ့တွစ်တာအကောင့်တွေကနေ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီလက်ရွေးစင် အသင်းကလည်း ရော်နယ်ဒိုနဲ့ တသားတည်းရှိနေကြောင်း ပြသခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့အမဖြစ်သူကလည်း ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်းဆိုထားပြီး ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ယူနိုက်တက်ပွဲစဥ်ကို ရော်နယ်ဒိုလွဲချော်ရမှာပါ။ ဒီအကြောင်းကိုတော့ ယူနိုက်တက်ဘက်ကလည်း တရားဝင်အတည်ပြုချက် ထုတ်ပြန်ထားပါတယ်။

ယူနိုက်တက်က “မိသားစုဆိုတာ အရာအားလုံးထက် ပိုမိုအရေးကြီးပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန်မှာ ရော်နယ်ဒိုက သူချစ်ရတဲ့သူတွေကို အားပေးကူညီဖို့ လိုအပ်ပါတယ်။ ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ပွဲကို ရော်နယ်ဒို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ခရစ္စတီယာနိုရေ။ ငါတို့အားလုံးက မင်းနဲ့မင်းမိသားစုနဲ့အတူရှိနေပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကလည်း ဒီကနေ့ညမှာ ကစားမယ့်ပွဲရဲ့ ပွဲကစားချိန် (၇) မိနစ်မှာ ရော်နယ်ဒိုအတွက် တမိနစ်ကြာ လက်ခုပ်တီးအားပေးဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။ 

Share

က္က