ကော်တင်ဟိုတယောက် အထူးခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ လိဒ်စ်ယူနိုက်တက်တို့ပွဲမှာ နှစ်သင်းအပြိုင်အဆိုင် ဂိုးမိုးရွာခဲ့ပြီး တဖက်သုံးဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာတော့ အက်စတွန်ဗီလာအတွက် ကော်တင်ဟိုက အထူးခြေစွမ်းပြခဲ့ပြီး ပရိသတ်တွေလည်း ကော်တင်ဟိုအကြောင်းကို တခုတ်တရ ချီးကျူးနေကြရပါတယ်။



 

ကော်တင်ဟိုဟာ ဒီပွဲမှာ အက်စတွန်ဗီလာအတွက် ပထမဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော် ကွင်းလယ်လူ ဂျာကော့ဘ်ရမ်ဆေးရဲ့ သွင်းဂိုးနှစ်ဂိုးလုံးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာကနေ အက်စတွန်ဗီလာကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

လက်ရှိ အက်စတွန်ဗီလာနည်းပြ ဂျရတ်က ကော်တင်ဟိုနဲ့ လီဗာပူးမှာ အသင်းဖော်တွေဖြစ်ခဲ့ပြီး ကော်တင်ဟိုကိုခေါ်ယူဖို့ ဂျရတ်တယောက် အကောင်းဆုံး စည်းရုံးနိုင်ခဲ့တယ်လို့ ကော်တင်ဟိုကိုယ်တိုင်က ထုတ်ဖော် ဝန်ခံခဲ့ဖူးပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာအတွက် ကော်တင်ဟိုခြေစွမ်းပြတာ အခုပွဲမှ မဟုတ်ပါဘူး။

 

ကော်တင်ဟိုဟာ အက်စတွန်ဗီလာနဲ့ပွဲဦးထွက်အဖြစ် လူစားဝင်ကစားခွင့်ရရှိခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာ အသင်းကို နှစ်ဂိုးအရှုံးကနေ ပြန်လာနိုင်အောင် တဂိုးသွင်း၊ တဂိုးဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကော်တင်ဟိုကတော့ အက်စတွန်ဗီလာအတွက် သုံးပွဲသာကစားရသေးချိန်မှာ (၂) ဂိုးသွင်း၊ (၃) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

 

ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီနှောင်းပိုင်းမှာ ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဥ်တွေမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ပါရာဂွေးကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘရာဇီးအတွက် သွင်းဂိုးတဂိုးကို သူ့ရဲ့ပုံစံအတိုင်း လှပတဲ့အဝေးကန်ချက်နဲ့ သွင်းယူပြခဲ့ပါသေးတယ်။

 

ကော်တင်ဟိုအနေနဲ့ လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်မှာလည်း အငှားနဲ့ သွားရောက်ကစားခဲ့သေးပေမယ့် နှစ်သင်းလုံးမှာ ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အငှားချခဲ့တာဖြစ်ပြီး ကော်တင်ဟိုကတော့ လီဗာပူးနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်မှာ အခု အက်စတွန်ဗီလာနဲ့ ထပ်မံပြီး ခြေစွမ်းကောင်းတွေပြသနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က