ချယ်လ်ဆီးနည်းပြတူချယ်လ်ကို ခေါ်ယူဖို့ တိုက်တွန်းလိုက်တာပါ။

လီဗာပူးလ်ကစားသမားဟောင်းနဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူဂျင်မီကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချယ်လ်ဆီးနည်းပြတူချယ်လ်ကို ခေါ်ယူသင့်တယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ မနေ့က ချယ်လ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ကို ဗြိတိန်ကဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီးမှာ ချယ်လ်ဆီးရဲ့ ကလပ်အသင်းတွင်း အနေအထားတွေက လှုပ်ခတ်လာခဲ့ပါတယ်။ 

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနဲ့ပတ်သက်ပြီး ပူတင်နဲ့ဆက်နွယ်နေတဲ့ ရုရှားသူဌေးတွေကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ရာမှာ အေဘရာမိုဗစ်လည်းပါဝင်ခဲ့ပြီး ချယ်လ်ဆီးဟာ အနာဂတ်မသေချာမှုနဲ့ ရင်ဆိုင်နေရတယ်လို့ Daily Mail က ဆိုပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအပြောင်းအရွှေ့၊ ကစားသမားစာချုပ်သစ်ကိစ္စ၊ ကွင်းလက်မှတ်နဲ့ ကုန်ပစ္စည်းရောင်းချမှုတွေပိတ်ပင်ခံခဲ့ရပြီး စပွန်ဆာကုမ္ပဏီတွေကလည်း လက်တွဲဖြုတ်နေကြပြီဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေဖြစ်လာခဲ့ပြီးနောက် ကာရေဂါက "မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့နံပါတ်တစ်ရည်မှန်းချက်ဖြစ်တဲ့ နည်းပြသစ်ခေါ်ယူရေးမှာ အကောင်းဆုံးအခွင့်အရေးတခုဖြစ်လာပါတယ်၊ ချယ်လ်ဆီးရဲ့ အခုဖြစ်ပျက်နေမှုတွေအပေါ်မှာ ဒီရာသီကုန်ထိ စောင့်ဆိုင်းပြီးမှ ယူနိုက်တက်က ဆုံးဖြတ်မှာလားဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး၊ တူချယ်လ်က ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တဦးပါ၊ လက်ရှိ ဖီဖာအကောင်းဆုံးနည်းပြဆုလည်း ရရှိထားပါတယ်"

"သူတို့ရဲ့ နည်းပြသစ်စာရင်းမှာ ထိပ်ဆုံးကနေ ရှိနေရမှာပါ၊ တူချယ်လ်ကလည်း စတန်းဖို့ဘရစ်မှာရှိတဲ့ တခြားသူတွေလိုပဲ အသင်းအနာဂတ်က ဘာဖြစ်မလဲဆိုတာမသိတဲ့သူပါ၊ လာမယ့်ရာသီမှာ လက်ရှိအစုအဖွဲ့အတိုင်း အသင်းကဆက်ရှိနေမယ်လို့လည်း သူ့ကို အာမခံနိုင်မယ့်သူ တယောက်မှမရှိပါဘူး၊ မသေချာတဲ့နောက်ခံအကြောင်းတရားတွေကြားမှာ အလုပ်လုပ်ချင်တဲ့ နည်းပြဆိုတာ မရှိပါဘူး"

"သူက ယူနိုက်တက်လိုအသင်းကို သွားဖို့ အခွင့်အရေးရလာမယ်ဆိုရင် သူ ရယူသင့်ပါတယ်၊ ယူနိုက်တက်ကလည်း ထိပ်တန်းနည်းပြတွေအားလုံးကို အာမခံချက်ပေးပြီး ခေါ်ယူနိုင်တဲ့အသင်းပါ၊ ချယ်လ်ဆီးရဲ့ အကျပ်အတည်းကိုအားသာချက်ယူပြီး မထင်မှတ်တဲ့ လှုပ်ရှားမှုလည်းဖြစ်လာနိုင်ပါတယ်" လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ယာယီနည်းပြသာ ခန့်အပ်ထားတာဖြစ်ပြီး လာမယ့်ရာသီသစ်မတိုင်ခင် နည်းပြသစ်တဦးခန့်အပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မထင်မှတ်ထားဘဲ ချယ်လ်ဆီးရဲ့ အကျပ်အတည်းက ဖြစ်ပေါ်လာချိန်မှာ ချန်ပီယံလိဂ်ဖလားရယူပေးထားခဲ့တဲ့ တူချယ်လ်က သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ရှိလာနိုင်သလို ကာရေဂါတိုက်တွန်းသလိုလည်း ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

Share

Loading Next Article...
က္က