အီဘရာဟီမိုဗစ်တယောက် ဘာမှတောင်မပြောချင်သေးဘူးဖြစ်ခဲ့တာပါ။

ဘာမထီစကားလုံးတွေနဲ့အတူ ဘောလုံးပရိသတ်တွေကို ဖျော်ဖြေနေကျ အီဘရာဟီမိုဗစ်ကတော့ သူ့အသင်း ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တဲ့နောက် အားလျော့တဲ့ပြောစကားတွေနဲ့သာ မီဒီယာတွေကို ဖြေကြားသွားခဲ့ပါတယ်။ မနေ့ညက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်မှာ ဆွီဒင်တို့ ပိုလန်ကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ကာ (၂၀၂၂) ကာတာကမ္ဘာ့ဖလား သွားရောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။



ဒီပွဲအပြီးမှာ သူ့ရဲ့ ဆွီဒင်လက်ရွေးစင် ကစားသမားဘဝ ရှေ့ဆက်ဦးမှာလားဆိုတဲ့အပေါ် အီဘရာဟီမိုဗစ်က “ဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျနော် ကျန်းမာနေသလောက်၊ ကစားနေသလောက် တစုံတခုကိုစွမ်းဆောင်နေဦးမှာပါ။ နောက်ဆုံးပွဲလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ လောလောဆယ် အဖြေမရှိပါဘူး။ လူတိုင်းက စိတ်ပျက်နေကြပါတယ်”

“တကယ်ကို စိတ်ပျက်စရာပါ။ ခင်ဗျားရှုံးတဲ့အချိန်မှာ ဒါကတော့ ပုံမှန်ပါပဲ။ လူတိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားချင်တယ်၊ ဒီပြိုင်ပွဲရဲ့ အတွေ့အကြုံကို ခံစားချင်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီအရာတွေက လက်တွေ့မဖြစ်လာခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ လာမယ့်အောက်တိုဘာအတွင်း အသက် (၄၁) နှစ် ပြည့်မြောက်တော့မှာပါ။

ဆွီဒင်နည်းပြ အန်ဒါဆန်စ်ကလည်း “အီဘရာဟီမိုဗစ်သာ ကစားချင်သေးတယ်၊ ကြံ့ခိုင်မှုလည်း ပြည့်နေတယ်ဆိုရင် ဆက်ကစားခွင့်ရမှာပါ။ ဒါပေမယ့် သူ့အတွက်တော့ ခက်ခဲနေဆဲပါ။ ဘာကြောင့်လဲဆိုရင်တော့ သူ့အနေနဲ့ အခုထက်ပိုမိုကောင်းမွန်တဲ့ ကြံ့ခိုင်မှုကို လိုအပ်နေဆဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ လက်ရှိဘောလုံးရာသီတလျှောက်လုံး ဒဏ်ရာ၊ ကြံ့ခိုင်မှု ပြဿနာတွေနဲ့ မကြာခဏ ရုန်းကန်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ ဆွီဒင်နဲ့အတူ ပါဝင်ကစားဖို့ အီဘရာဟီမိုဗစ်ရဲ့ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရသလို အခုတခါမှာလည်း ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က