အီတလီလူမျိုးနည်းပြဟောင်းကြီး ဖေဘီယိုကာပယ်လိုက လက်ရှိအချိန်မှာ မက်ဆီထက် အမ်ဘာပေက ပိုမိုကောင်းမွန်နေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မက်ဆီနဲ့ အမ်ဘာပေတို့ဟာ ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်ကြပြီး မက်ဆီကတော့ အသင်း၊ အသင်းပရိသတ်တွေနဲ့ အဆင်မပြေဖြစ်နေပါတယ်။
မက်ဆီအနေနဲ့ ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို ပျက်ကွက်ပြီး ဆော်ဒီအာရေဗျနိုင်ငံကို အလည်အပတ် ခရီးထွက်သွားခဲ့တာကြောင့် အသင်းက သူ့ကို ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ် အရေးယူခဲ့ပါသေးတယ်။ ပီအက်စ်ဂျီ ပရိသတ်တွေကလည်း မက်ဆီကို အသင်းကထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။
ပီအက်စ်ဂျီမှာ ပြင်သစ်သား အမ်ဘာပေထက်စာရင် မက်ဆီ၊ နေမာတို့က မီဒီယာတွေ၊ အသင်းပရိသတ်တွေရဲ့ အဓိကပစ်မှတ် ပိုဖြစ်နေခဲ့ပြီး ဝေဖန်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။ ကာပယ်လိုကလည်း မက်ဆီ၊ အမ်ဘာပေတို့ နှစ်ယောက်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောလာပါတယ်။
ကာပယ်လိုက “မက်ဆီက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် သူလုပ်ရမယ့် အရာမှန်သမျှကို လုပ်ပြီးခဲ့ပါပြီ။ နှစ်ပေါင်းများစွာကြာအောင်လည်း သူက ပုံစံကောင်း တစ်ရပ်ကို ပြသခဲ့ပြီး အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု အခိုက်အတန့်မှာတော့ အမ်ဘာပေက ပိုကောင်းပါတယ်”
“အမ်ဘာပေက ပိုသန်မာတယ်၊ ပိုလျင်မြန်တယ်၊ ဂိုးတွေလည်း သွင်းထားနိုင်ပါတယ်။ သူ့မှာ မက်ဆီလိုမျိုး မှော်ဝင်အစွမ်းအစမရှိသည့်တိုင်အောင်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားက အမ်ဘာပေရဲ့ ပြင်သစ်ကို ကျော်ဖြတ် အနိုင်ယူ ဗိုလ်စွဲခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာလည်း ပြင်သစ်ပရိသတ်တွေက မက်ဆီကို ပိုမို မျက်မုန်းကျိုးလာဟန်ရှိပြီး မက်ဆီကလည်း အသင်းကထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်။ မက်ဆီအတွက် ဆော်ဒီကလပ် အယ်လ်ဟီလယ်က တစ်နှစ်လုပ်ခ ယူရိုသန်း (၄၀၀) နဲ့ ကမ်းလှမ်းထားပေမယ့် မက်ဆီကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။