တရုတ်အခွန်အာဏာပိုင်အဖွဲ့ဟာ နိုင်ငံရဲ့ ထိပ်တန်း Influencer တစ်ဦးကို အခွန်တိမ်းရှောင်မှုနဲ့ ဒေါ်လာ ၁၆ သန်းကျော် ဒဏ်ရိုက်လိုက်တယ်လို့ ဆိုပါတယ်။
Live Streaming လောကကို အခွန်ကြီးကြပ်မှုလုပ်ဆောင်လာတဲ့ အာဏာပိုင်အဖွဲ့ဟာ ရှုဂေါင်ဟောင် ဆိုတဲ့ ထိပ်တန်း Live Streamer ကို ဒဏ်ရိုက်လိုက်တာ ဖြစ်ပါတယ်။ ရှုဟာ Momo လို့ ခေါ်တဲ့ လူမှုကွန်ရက် App ပေါ်က ထိပ်တန်းဝင်ငွေရ Streamer တွေထဲက တစ်ဦး ဖြစ်ပြီး ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အခွန်ငွေ ယွမ် ၃၈.၈ သန်း (ဒေါ်လာ ၅.၇၈ သန်း) ရှောင်လွှဲခဲ့တယ်ဆိုပြီး နိုင်ငံရဲ့ အခွန်ကြီးကြပ်ရေးအဖွဲ့အစည်းက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှုအနေနဲ့ အခွန်ရှောင်မှုအပြင် အခွန်နောက်ကျကြေး နဲ့ ဒဏ်ကြေးအပါအဝင် ရှုကို ယွမ် ၁၀၈ သန်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခံထားရတာပါ။ ရှုဟာ အခွန်ရုံးကို ဝင်ငွေအပြည့်အစုံ တင်သွင်းမှုမလုပ်တာနဲ့ ဝင်ငွေသဘာဝ တရားမဝင် ပြောင်းလဲတာအပါအဝင် အခွန်ကို နည်းအမျိုးမျိုးနဲ့ တိမ်းရှောင်မှုလုပ်ခဲ့တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။
Live-Streaming အလုပ်နဲ့ ထိပ်တန်းရောက် အောင်မြင်ချိန်က ရှုကို King Of Momo (Momo လူမှုကွန်ရက်ဘုရင်)အဖြစ် လူသိများခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် Momo ပလက်ဖောင်းပေါ်ကနေ ပျောက်ကွယ်မသွားမချင်း သူ့ရဲ့ Live Sessions တွေဟာ အမြဲတမ်း ကြည့်ရှုသူ ၁ သောင်းကျော် ရှိခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဆိုပါတယ်။ ရှုဟာ Live Streamer တွေမှာ အခွန်ရှောင်မှုနဲ့ အမြင့်ဆုံး ဒဏ်တပ်ခံရသူတော့ မဟုတ်ပါဘူး။
တရုတ်နဲ့ နာမည်ကျော် ထိပ်တန်း Influencer တစ်ဦးဖြစ်ပြီး Viya လို့ လူသိများတဲ့ Live Streamer ဟောင်းဝေလ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာ အခွန်တိမ်းရှောင်မှုနဲ့ ယွမ် ၁.၃ ဘီလျံ (ဒေါ်လာ သန်း ၂၁၀ ကျော်) စံချိန်တင် ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၀ အတွင်းမှာ ဟောင်ဟာ Live-Streaming ပလက်ဖောင်းတွေပေါက်က ရတဲ့ ကော်မရှင်ဝင်ကြေးကို လိမ်ပြောပြီး အခွန် ယွမ်သန်း ၆၄၀ ကျော် (ဒေါ်လာသန်း ၁၀၀ ကျော်) ရှောင်လွှဲခဲ့တယ်လို့ ဟန်ကျိုးအခွန်အရာရှိတစ်ဦးက ဆိုပါတယ်။
တရုတ်အခွန်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ထိပ်တန်း အွန်လိုင်းဈေးရောင်း Influencer တွေ ဖြစ်တဲ့ ဇူး ချန်ဟွီ နဲ့ လင် ရှန်ရှန်းတို့ကို ဒဏ်ရိုက်ခဲ့ပြီး အကောင့်တွေလည်း ပြန်ဖွင့်ပေးခြင်း မရှိခဲ့ပါဘူး။