တရုတ်နိုင်ငံက Live-Stream လွှင့်ပြီး ဈေးရောင်းပေးတဲ့ Influencer တစ်ဦးဟာ စုစုပေါင်း ဒေါ်လာသန်း ၂၁၀ ကျော် စံချိန်တင် ဒဏ်ရိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက် အွန်လိုင်းပေါ်မှာ ဂယက်ထသွားခဲ့တဲ့ ဒီကိစ္စဟာ ဒီနေ့အချိန်အထိ Live-Stream Influencer တစ်ဦးကို ဒဏ်ရိုက်ခဲ့တဲ့အထဲက အမြင့်ဆုံးဒဏ်ကြေးဖြစ်တယ်လို့လည်း ဆိုပါတယ်။ Live-Streaming Queen အဖြစ် ခေါ်နေကြတဲ့ Viya ကို တရုတ်အခွန်ကြီးကြပ်ရေးက အခွန် ၊ နောက်ကျကြေးနဲ့ ဒဏ်ရိုက်မှုပေါင်းပြီး စုစုပေါင်းယွမ် ၁.၃၄ ဘီလျံ (ဒေါ်လာ သန်း ၂၁၀ ကျော်) ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
Photo: CNN
နာမည်အရင်း ဟောင်ဝေဟာ Live-Streamer တစ်ဦးအတွက် အမြင့်ဆုံးဒဏ်တပ်မှု ခံခဲ့ရတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းစာ Global Times က ဖော်ပြပါတယ်။ ရှီကျင့်ဖျင်အစိုးရအဖွဲ့အနေနဲ့ အင်တာနက်ပေါ်က ကျော်ကြားသူတွေကို အချိန်မရွေး ဖိအားပေးမှု လုပ်မယ့်အကြောင်း အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၁၉ နဲ့ ၂၀၂၀ အတွင်းမှာ ဟောင်ဟာ Live-Streming ပလက်ဖောင်းတွေပေါက်က ရတဲ့ ကော်မရှင်ဝင်ကြေးကို လိမ်ပြောပြီး အခွန် ယွမ်သန်း ၆၄၀ ကျော် (ဒေါ်လာသန်း ၁၀၀ ကျော်) ရှောင်လွှဲခဲ့တယ်လို့ ဟန်ကျိုးအခွန်အရာရှိတစ်ဦးက ဆိုပါတယ်။
“သတ်မှတ်ကာလအတွင်း အခွန် ၊ နောက်ကျကြေးနဲ့ ဒဏ်ကြေး ဆောင်မယ်ဆိုရင်တော့ သူမအနေနဲ့ အမှုအတွက် စုံစမ်းစစ်ဆေးခံရမှာ မဟုတ်ပါဘူး။ ဒီလို မလုပ်ရင်တော့ အခွန်ဌာနက ဒီကိစ္စကို ဥပဒေအတိုင်း လုပ်ဖို့ ရဲဌာနကို လွှဲသွားမှာပါ” လို့လည်း ဒီအရာရှိက ဆိုပါတယ်။
အသက် ၃၆ နှစ်အရွယ် ဟောင်ဟာ Weibo အပါအဝင် တရုတ်ထိပ်တန်း လူမှုကွန်ရက်တွေနဲ့ Taobao လို ဈေးရောင်းဈေးဝယ် Shopping ပလက်ဖောင်းတွေမှာ Followers သန်းနဲ့ချီ ရှိထားသူဖြစ်ပေမယ့် တနင်္လာနေ့နောက်ပိုင်းမှာတော့ သူမအကောင့် ဖယ်ရှားခံထားရတယ်လို့ သိရပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ သူမအကောင့် အပိတ်မခံရခင် Weibo ပေါ် တက်လာတဲ့ သူမရဲ့ ပို့စ်မှာ လုပ်ခဲ့မိတဲ့အမှားတွေအတွက် နောင်တရကြောင်း ရေးထားခဲ့ပါတယ်။
တရုတ်အခွန်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ထိပ်တန်း အွန်လိုင်းဈေးရောင်း Influencer နှစ်ဦးကို ဒဏ်ရိုက်ခဲ့ပြီး အကောင့်တွေလည်း ပြန်ဖွင့်ပေးခြင်း မရှိခဲ့ပါဘူး။ ဟောင်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်ရဲ့ အကျော်ကြားဆုံး Influencer တွေထဲက တစ်ဦးဖြစ်လာခဲ့ပြီး ယွမ် ဘီလျံပေါင်းများစွာတန်တဲ့ ထုတ်ကုန်တွေ ရောင်းချပေးခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ခါက သူမဟာ Alibaba ပိုင် Taobao ရဲ့ အစီအစဉ်နဲ့ အများပြည်သူသက်သာချောင်ချိရေးအစီအစဉ်အဖြစ် ဆင်းရဲတဲ့ဒေသတွေမှာ လယ်ယာသုံးပစ္စည်းရောင်းချရေးမှာ ကူညီခဲ့တာကြောင့် အစိုးရရဲ့ အသိအမှတ်ပြုဆုတွေ ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လအနည်းငယ်က စပြီး အင်တာနက်ကုန်သွယ်ရေးပိုင်းမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာခဲ့ပြီး အွန်လိုင်းဈေးဝယ်ရေးပလက်ဖောင်းပေါ်က ထုတ်ကုန်တွေ ရောင်းပေးနေတဲ့ Liver-Streamer တွေအတွက်ပါ စံသတ်မှတ်ချက်ဆိုင်ရာ အဆိုပြုချက်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Photo: Business Insider
စီးပွားကူးသန်းဌာနရဲ့ ဩဂုတ်လက သတ်မှတ်ထားတဲ့ Live-Streamer တွေအတွက် စံသတ်မှတ်ချက်ဆိုင်ရာ စည်းကမ်းတွေထဲမှာ ကင်မရာရှေ့စကားပြောရမယ့်ပုံစံနဲ့ ဘယ်လိုအဝတ်အစားမျိုး ဝတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။ Viya ကို စံချိန်တင် ဒဏ်ရိုက်ခဲ့ချိန်မှာ တရုတ်နည်းပညာကုမ္ပဏီကြီးတွေရဲ့ စတော့ခ်ဟာ ဟောင်ကောင်မှာ ထိုးကျနေခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်က ချမ်းသာကြွယ်ဝတဲ့ အောင်မြင်ထင်ရှားပုဂ္ဂိုလ်တွေကို အခုလို အရေးယူဖြိုခွဲမှု လုပ်တာဟာ သမ္မတရှီကျင့်ဖျင်ရဲ့ဓနဥစ္စာပြန်ခွဲဝေဖြန့်ဖြူးရေးလမ်းစဉ်ဖြစ်တဲ့ ဘုံကြွယ်ဝမှုစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုနေကြပါတယ်။
Share