အခွန်ရှောင်မှုတွေ ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်မှုထွက်လာပြီးနောက် အိန္ဒိယအစိုးရဟာ Xiaomi ကို သွင်းကုန်အခွန် ရူပီး ၆.၅၃ ဘီလျံ ပေးဆောင်စေဖို့ ညွှန်ကြားထားပါတယ်။
Xiaomi ရဲ့ အိန္ဒိယလက်ခွဲကုမ္ပဏီဟာ ၂၀၁၇ ဧပြီ ၁ ရက်ကနေ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့အတွင်း ပေးသွင်းရမယ့် လိုင်စင်ကြေးတချို့ မပေးဘဲ အကောက်ခွန်ပေးဖို့ ရှောင်ရှားခဲ့တယ်လို့ Tech Node သတင်းက ဖော်ပြပါတယ်။ တရုတ်နည်းပညာကုမ္ပဏီအနေနဲ့ ပေးဆောင်ရမယ့် သွင်းကုန်အခွန် ရူပီး ၆.၅၃ ဘီလျံ (ကန်ဒေါ်လာ ၈၈ သန်းခန့်) ပေးသွင်းဖို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်တာပါ။
"စုံစမ်းစစ်ဆေးချက်တွေအရ Xiaomi India ဟာ အမေရိကန်က Qualcomm နဲ့ တရုတ်က Beijing Xiaomi Mobile Software Co ကို ပေးတဲ့ လိုင်စင်နဲ့မူပိုင်ကြေးတွေကို နိုင်ငံရဲ့ သွင်းကုန်အခွန်တန်ဖိုးထဲမှာ ထည့်ပေါင်းထားတာမျိုး မရှိခဲ့တာ တွေ့ရပါတယ်"လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မူပိုင်ကြေးနဲ့ လိုင်စင်ကြေးတွေကို ပြည်ပသွင်းကုန်ခွန်ထဲ ထည့်မထားဘဲ Xiaomi India ဟာ အကောက်ခွန် Custom Duty Fees တွေ ရှောင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ အခွန်ဌာနစုံစမ်းစစ်ဆေးမှု ညွှန်ကြားရေးအဖွဲ့ DRI ရဲ့ စုံစမ်းမှုအပြီးမှာ Xiaomi ဘက်ကလည်း ဒီဖြစ်ရပ်အတွက် အသိပေးစာရကြောင်းနဲ့ အိန္ဒိယအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။