စပိန်အာဏာပိုင်တွေက ရော်နယ်ဒို ပူးတွဲပိုင်ဆိုင်တဲ့ ဆံပင်စိုက်ကုသမှု ဆေးခန်းကို အခွန်ရှောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းကမှ အဆိုပါ ဆေးခန်းရဲ့ ပူးတွဲပိုင်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာပါ။
သတင်းတွေရဲ့ဖော်ပြချက်အရ စပိန်နိုင်ငံ၊ အခွန်ရုံးက ရော်နယ်ဒိုရဲ့ အဆိုဆေးခန်းဟာ (၂၀၁၉) ခုနှစ်ကနေ (၂၀၂၁) ခုနှစ်အတွင်း အခွန်ရှောင်ခဲ့တယ်လို့ သံသယရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဆေးခန်းဘက်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။
အဆိုပါ ဆေးခန်းက သူတို့အနေနဲ့ ကျန်းမာရေးနဲ့ အလှအပရည်ရွယ်ချက်အတွက် ဖွင့်လှစ်ထားတာဖြစ်တာကြောင့် သူတို့ရဲ့ ဈေးနှုန်းတွေထဲမှာ အခွန်ကိုပါ တစ်ပါတည်း ကောက်ခံပြီးဖြစ်ကြောင်း ဖြေရှင်း တုံ့ပြန်ထားပါတယ်။ အင်စပါရာလို့ အမည်ရတဲ့ အဆိုပါဆေးခန်းကလည်း အခုဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းထံ သတင်းပို့ အကြောင်းကြားထားပါတယ်။
အခွန်စစ်ဆေးရေးတာဝန်ရှိသူတွေကတော့ ဆေးခန်းရဲ့ ငွေပေးချေမှုတွေ၊ ဘဏ်စာရင်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဆေးခန်းဘက်ကလည်း ရှေ့နေငှားရမ်းကာ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်သွားဖို့ ပြင်ဆင်ထားပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာအနှံ့မှာ စီးပွားရေးလုပ်ငန်းအများအပြားကို တည်ထောင်ထားပြီး မွေးရပ်မြေ မက်ဒဲရားမှာလည်း နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်လုံးကို ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် သူ့နာမည် CR7 နဲ့အတူ အခြားသော လုပ်ငန်းခွဲပေါင်းများစွာကို နယ်ပယ်အသီးသီးမှာ တည်ထောင်ထားပြီး အခု စပိန်နိုင်ငံမှာတော့ ပြဿနာဖြစ်ပွားနေခဲ့တာပါ။