တိုက်စစ်ကစားသမားတွေကို ရန်းနစ်ဂ်က သတိပေးခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က အသင်းတိုက်စစ်ကစားသမားတွေအနေနဲ့ လာမယ့်ပွဲစဥ်တွေမှာ အခုထက် ဂိုးတွေပိုမိုသွင်းယူဖို့ လိုအပ်နေပြီလို့ သတိပေးစကားပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဥ်မှာ ပထမပိုင်းတည်းက ဂိုးပြတ်အနိုင်ရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ အချိန်ပို၊ ပင်နယ်တီအထိရောက်ရှိကာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။



 

ဒါ့အပြင် ဘန်လေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာလည်း ပထမပိုင်းမှာတင် သုံးဂိုးရရှိခဲ့ပေမယ့် နှစ်ဂိုးပယ်ဖျက်ခံခဲ့ရပြီး ဒုတိယပိုင်းမှာ ချေပဂိုးပေးခဲ့ရတာကြောင့် အမှတ်လျော့ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မနက်ဖြန်ည ဆောက်သမ်တန်နဲ့ ကစားမယ့် အိမ်ကွင်းပွဲမတိုင်ခင်မှာ ရန်းနစ်ဂ်က ကစားသမားတွေကို အခုလိုပဲ သတိပေးလာခဲ့တာပါ။

 

ရန်းနစ်ဂ်က “ဒါ ရော်နယ်ဒိုတယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကျနော်တို့ ဂိုးတွေ ပိုသွင်းနိုင်သင့်ပါတယ်။ သိပ်ကိုသေချာတဲ့ကိစ္စပါပဲ။ နောက်ဆုံးနှစ်ပွဲမှာ ကျနော်တို့က ဂိုးရနိုင်တဲ့အခွင့်အရေးတွေ လုံလုံလောက်လောက် ဖန်တီးနိုင်ခဲ့ပေမယ့် လုံလောက်တဲ့သွင်းဂိုးကိုတော့ မသွင်းယူနိုင်ခဲ့ပါဘူး”

 

“ရော်နယ်ဒိုတယောက်တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ တိုက်စစ်ကစားသမားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေကိုကြည့်လိုက်ရင် လာမယ့်ပွဲတွေမှာ ပိုကောင်းဖို့ လိုအပ်တဲ့အရာရှိတယ်ဆိုတာကို ခင်ဗျားတို့ နားလည်သဘောပေါက်မှာပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် ဆုချရမယ့်ကိစ္စမဟုတ်ပါဘူး။ ကျနော်တို့က ကိုယ်နဲ့ထိုက်တန်တဲ့ရလဒ်တွေကိုပဲ ရနေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

 

ယူနိုက်တက်ဟာ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ လာမယ့်ကြားရက်မှာတော့ ဘရိုက်တန်နဲ့အိမ်ကွင်းပွဲစဥ်၊ အဲ့ဒီနောက် လိဒ်စ်နဲ့အဝေးကွင်းပွဲကစားပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်အဖြစ် စပိန်ကလပ် အက်သလက်တီကိုနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။ 

Share

က္က