ရီးရဲလ်မက်ဒရစ် ကစားသမားသစ်ဖြစ်လာခဲ့တဲ့ အမ်ဘာပေဟာ အသင်းနဲ့ ပထမဆုံးရာသီမှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြင်သစ်သားက ဒီနံပါတ်ကို အမြဲတမ်း ဝတ်ဆင်သွားမှာ မဟုတ်ပါဘူး။
အမ်ဘာပေရဲ့ ဝတ်ဆင်လိုတဲ့ ကျောနံပါတ်က (၁၀) ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ရီးရဲလ်မှာက ကျောနံပါတ် (၁၀) ကို မိုဒရစ်က ဝတ်ဆင်ထားပါတယ်။ အရင်ကတော့ မိုဒရစ်လည်း လက်ရှိနွေရာသီမှာ ရီးရဲလ်နဲ့ လမ်းခွဲမယ်လို့ သတင်းထွက်ခဲ့တာပါ။
ဒါပေမယ့် တိုနီကရူးစ် အနားယူသွားတဲ့နောက် ရီးရဲလ်က မိုဒရစ်ကို နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိုဒရစ်ကိုယ်တိုင်ကလည်း ရီးရဲလ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်လိုကြောင်း ပြောကြားထားတာပါ။
အဲ့ဒါကြောင့် လောလောဆယ်မှာတော့ မိုဒရစ်ရှိနေတာကြောင့် အမ်ဘာပေက ကျောနံပါတ် (၉) ကိုသာ ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ လာမယ့် (၂၀၂၅) နွေရာသီမှာ မိုဒရစ်ထွက်သွားရင် ဒါမှမဟုတ် အနားယူသွားတဲ့အခါမှသာ အမ်ဘာပေက ကျောနံပါတ် (၁၀) ကို ပြောင်းလဲ ဝတ်ဆင်မှာပါ။
အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်လျက်ရှိတာပါ။ လက်ရှိ ရီးရဲလ်ရဲ့ ကျောနံပါတ် (၇) ကိုတော့ ဗီနီရှပ်စ်က ဝတ်ဆင်ထားတာကြောင့် အမ်ဘာပေအတွက် အဖြစ်နိုင်ဆုံးကတော့ မိုဒရစ်ရဲ့ ကျောနံပါတ် (၁၀) ပဲဖြစ်ပါတယ်။