ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဟာ နာမည်ကြီးဗီယက်နမ်နဲ့ ဒီနေ့ညနေပိုင်းက ကစားခဲ့ရပါတယ်။ ဗီယက်နမ်ကိုဆိုရင် အသာစီးရဖို့ ခက်လေ့ရှိတဲ့ မြန်မာအသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး အနိမ့်ဆုံးသရေကစားနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒီနေ့ပွဲမှာတော ဖိလစ်ပိုင်နဲ့ပွဲကထက် ကစားပုံပိုကောင်းခဲ့ပြီး ဗီယက်နမ်ကို အပြန်အလှန်ကစားနိုင်ခဲ့ပါတယ်။
ဗီယက်နမ်က ပွဲချိန် ၁၀ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့လို့ မြန်မာတို့ ရုန်းကန်ရတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ကစားအားပျက်မသွားဘဲ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် မြန်မာက ဗီယက်နမ်တိုက်စစ်ကို ကောင်းကောင်းဟန့်တားနိုင်ခဲ့သလို ဂိုးရဖို့လည်း ကြိုးစားခဲ့ရာမှာ ပွဲချိန် ၄၂ မိနစ်မှာ လှပတဲ့ ခေါင်းတိုက်ချက်နဲ့ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး ပထမပိုင်းကို ခြေရည်တူကစားနိုင်ခဲ့သလို ရလဒ်လည်း ညီမျှနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက အနိုင်ရဖို့အတွက် ကြိုးစားကစားခဲ့ပြီး အခွင့်အရေးကောင်းတချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲလိုံ နစ်နာခဲ့ရပါတယ်။ ဗီယက်နမ်က ပြီးခဲ့တဲ့နှစ်တွေကလောက် ကောင်းမွန်မှုမရှိခဲ့ဘဲ မြန်မာကတောင်မှ အသာစီးရတဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့တာပါ။ ဒါပေမယ့် ၇၅ မိနစ်မှာတော့ ဗီယက်နမ်ရဲ့ ဖြတ်တင်ဘောကို မြန်မာဂိုးသမားဖမ်းတာ မသေသပ်လို့ လျှံထွက်ခဲ့ရာကနေ ဗီယက်နမ်နဲ့ထိပြီးတော့ ဂိုးပေးခဲ့ရပါတယ်။
ချေပဂိုးပြန်ရဖို့အတွက် မြန်မာက အားထည့်ကစားခဲ့ပေမယ့်လည်း ဗီယက်နမ်က ခံစစ်ကို ကောင်းကောင်းကစားသွားခဲ့ပါတယ်။ ဗီယက်နမ်က တပွဲလုံးကစားအားမကျဘဲ ထိန်းနိုင်ခဲ့တာက အားသာချက်ဖြစ်ပြီး မြန်မာကစားသမားတွေကတော့ ပွဲချိန်ပြည့် ကစားဖို့ရာ နည်းနည်းတော့ လိုအပ်နေပါသေးတယ်။ ဒီနောက် ပွဲပြီးခါနီးမှာ ဗီယက်နမ်က အဝေးကန်ချက်ကနေ နောက်ထပ်တဂိုးထပ်သွင်းကာ ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒိပွဲအရေးနိမ့်ခဲ့လို့ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ မလေးရှားနဲ့ပွဲကို အနိုင်ကစားဖို့ လိုအပ်သွားပါပြီ။ အနိမ့်ဆုံး သရေကစားနိုင်ရင်တောင်မှ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ချေရှိသေးပြီး တဖက်အုပ်စုက အုပ်စုပထမရမယ့် ထိုင်းနဲ့ ရင်ဆိုင်ရမယ်လို့ ယူဆရပါတယ်။