ဦးဂွေးသီးလို့အများကသိကြတဲ့အထိတုတ်ထိုးအချဥ်ပေါင်းတစ်မျိုးထဲကို နှစ်ပေါင်း (၅၀)ကျော်ရောင်းလာတဲ့အဖိုးဦးစန်း၀င်းပါ။သူ့အသက်(၁၇)နှစ်အရွယ်ထဲက အချဥ် ပေါင်းရောင်းတဲ့အလုပ်ကိုစလုပ်ခဲ့ပြီး အခုအသက်၇၀ကျော်လာတဲ့အထိဆက်လုပ်နေ ဆဲပါ။အချဥ်ပေါင်းရောင်းတဲ့အလုပ်ကပဲ မိသားစုရဲ့အဓိက၀င်ငွေစီးပွားရေးဖြစ်ပြီး ဒီအလုပ်နဲ့ပဲမိသားစု(၅)ယောက်ရဲ့ စား၀တ်နေရေးကို ထိန်းထားတာလို့ ဆိုနိုင်ပါတယ်။
တုတ်ထိုးအချဥ်ပေါင်းသည်ဘ၀အစ
ငယ်စဥ်ထဲက စျေးရောင်းတာနဲ့ရင်းနှီးခဲ့တဲ့ အဖိုးဦးစန်း၀င်းဟာ အိမ်ထောင်ကျ ချိန်ကစပြီး အချဥ်ပေါင်းရောင်းတာကိုစလုပ်ခဲ့တာပါ။အချဥ်ပေါင်းလုပ်နည်း ရောင်းပုံရောင်းနည်းတွေကို မိန်းမရဲ့အဖေ သူရဲ့ယောက္ခမဆီကနေ လုပ်ရင်းကိုင်ရင်း သင်ယူတက်မြောက်ခဲ့တာပါ။လင်မယားနှစ်ယောက်ဒိုးတူဘောင်ဖက် အတူတူစျေးရောင်းခဲ့ကြတယ်လို့ အဖိုးကပြောပါတယ်။“မိဘတွေနဲ့တုန်းက အချဥ်ပေါင်းရောင်းတာမဟုတ်ဘူး။ရှားမီးသကြားလုံးတို့ ခပေါင်း၊ဒူးယားအဲ့ဒါတွေရောင်းခဲ့တာ။မိန်းမရပြီးတော့မှာ အချဥ်ပေါင်းစရောင်းတာ။ မိန်းမဘက်က အချဥ်ပေါင်းရောင်းကကြတာ။မိန်းမအဖေ ယောက္ခမက အချဥ်ပေါင်း လုပ်ပုံလုပ်နည်း၊ရောင်းပုံရောင်းနည်းတွေသင်ပေးခဲ့တာ။အရင်ကတော့ ရုပ်ရှင်ရုံ၊ စာသင်ကျောင်းရှေ့နဲ့ပွဲစျေးတွေမှာ လိုက်ရောင်းတာ အရမ်း ရောင်းကောင်း ခဲ့တဲ့အချိန်တွေပေါ့”လို့ အဖိုးဦးစန်း၀င်းကပြောပါတယ်။
မြေးတွေကိုကျောင်းပို့ဖို့ အချဥ်ပေါင်းဆက်ရောင်း
အဖိုးဦးစန်း၀င်းအိမ်ထောင်ကျထဲကနေ မြေးတွေကျောင်းနေတဲ့အရွယ် ရောက်တဲ့အထိသူနေ့တိုင်းအ ချဥ်ပေါင်းရောင်းနေဆဲပါ။လက်ရှိမှာ ဇနီး၊သမီး ၊မြေး(၂)ဦးအပါ အ၀င် မိသားစု(၅)ယောက် တောင်ဒဂုံမြို့နယ်မှာနေထိုင်ပါ တယ်။သားတွေကဆုံးပါးသွားကြပြီမို့ကျန်ရှိတဲ့မြေးတွေကိုအဖိုးတို့ ဇနီးမောင်နှံ့ကပဲ စား၀တ်နေရေးနဲ့ပညာရေးကို တာ၀န်ယူပံ့ပိုးပေးနေတာပါ။မိသားစုရဲ့လိုအပ်ချက် တွေကို အဖိုးဦးစန်း၀င်း တစ်ဦးထဲလုပ်အားနဲ့ဖြည့်ဆည်းနေဆဲဖြစ်ပါတယ်။
“သားတွေရှိတုန်းကတော့သူတို့လည်းအချဥ်ပေါင်းရောင်းတယ်။အဲ့တုန်းက မိန်းမက အိမ်ကနေအချဥ်ပေါင်းလုပ်ပေးတယ်။အဖိုးတို့သားအဖတွေကရောင်းကြတာပေါ့။ သားတွေဆုံးသွားတော့ ကျန်ခဲ့တဲ့မြေးတွေက အဖိုးတို့နဲ့ပဲနေတယ်။သူတို့ကို အဖိုးက စာကြိုးစားဖို့ပဲမှာတယ်။အဖိုးမသေမချင်းသူတို့ကကျောင်းထားပေးသွားမှာပါ။အခု စျေးရောင်းတယ်ပိုက်ဆံရှာတယ်ဆိုတာလဲ မိသားစုလူတန်းစေ့နေနိုင်ဖို့ပါပဲ” လို့ အဖိုးက ပြောပြပါတယ်။
တုတ်ထိုးအချဥ်ပေါင်းဆိုတာက
အဖိုးဦးစန်း၀င်းရောင်းတဲ့ တုတ်ထိုးအချဥ်ပေါင်းကတော့ အခုခေတ်မှာသိပ်မတွေ့ရ တော့တဲ့ အချဥ်ပေါင်းရောင်းတဲ့ပုံစံပါ။သက်ငယ်ခေါ်သဘာ၀အတိုင်းပေါက်နေတဲ့ ကိုင်းပင်တွေကိုခူးအခြောက်ခံပြီးမှ တုတ်ချောင်းပေါ်မှာကျစ်ကျစ်လစ်လစ်စုစည်း ထားတာပါ။ဒီအပေါ်မှာမှ သရက်သီး၊ဂွေးသီး၊ရှောက်သီး အချဥ်ပေါင်းတွေကို စားချင်စားဖွယ်လှပစွာစီစီရီရီထိုးဆိုက်ထားတာပါ။“အချဥ်ပေါင်းရောင်းတဲ့ပုံစံကတော့ အခုသိပ်မရောင်းကြတော့ဘူး။အရင်တုန်းက တော့အချဥ်ပေါင်းဆိုဒီလိုပုံစံပဲရောင်းကြတာ။ငံပြာရည်တွေ၊ငပိတွေနဲ့ကအခုမှ ရောင်းကြတာ။ဘုရားမှာသွားရောင်းတဲ့အခါ နိုင်ငံခြားသားတွေက တုတ်ထိုးအချဥ် ပေါင်းတွေကိုမြင်ရင် ဘာရောင်းတာလဲ ဘယ်လိုလုပ်တာလဲဆိုပြီးမေးကြတယ်။ ပြီးရင်အဖိုးနဲ့ဓာတ်ပုံတွဲရိုက်ပြီး မုန့်ဖိုးလည်းပေးသွားကြတယ်လို့” အဖိုးဦးစန်း၀င်းက သူရဲ့တုတ်ထိုးအချဥ်ပေါင်းအကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောပါတယ်။
တုတ်ထိုးအချဥ်ပေါင်း၀ယ်စားချင်ရင်
အချဥ်ပေါင်းကိုသရက်သီး၊ဂွေးသီး၊ရှောက်သီး(၃)မျိုးရောင်းပြီးရှောက်သီးမရတဲ့အခါဆို သရက်သီး၊ဂွေးသီးနှစ်မျိုးပဲရောင်းပါတယ်။စျေးအရင်းကသုံးသောင်းကျော် လောက်ရှိပြီး တစ်ရက်ကိုငါးသောင်းဖိုးလောက်တော့ပုံမှန်ရောင်းရတယ်လို့သိရပါ တယ်။ရုံးဖွင့်ရက်တွေဆိုရင်တော့ တောင်ဒဂုံ ကညနမှာရောင်းပြီး ရုံးပိတ်ရက်နဲ့ အများပြည်သူပိတ်ရက်တွေတိုင်း ကန်တော်ကြီးဗိုလ်ချုပ်ပန်းခြံထဲမှာရောင်းပါတယ်။ အဖိုးစန်း၀င်းရဲ့ဖုန်းနံပါတ် ၀၉၉၅၁၅၅၄၅၃၆ကိုဆက်သွယ်ပြီးတော့လည်း ၀ယ်ယူနိုင်ပါတယ်။