ဘာစီလိုနာ နည်းပြအဖွဲ့ဝင်တွေဟာ အသင်းရဲ့ ကစားသမားတွေကို Padel ကစားနည်း မကစားဖို့အတွက် တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရှိရပါတယ်။ နောက်ပိုင်းမှာ Padel ကစားနည်းက ရေပန်းစား ကျော်ကြားလာခဲ့တဲ့ ကစားနည်းတစ်မျိုးပါ။
တင်းနစ်ဆန်ဆန် ကစားရတဲ့ ဒီကစားနည်းကို ဘာစီလိုနာကစားသမား အများစုကလည်း သူတို့ရဲ့ အားလပ်ချိန်တွေမှာ နှစ်ခြိုက်စွဲလမ်းစွာ ကစားနေကြပါတယ်။ အချို့ကစားသမားတွေဆိုရင် သူတို့ရဲ့အိမ်မှာတောင် Padel ကစားဖို့ ကွင်းသီးသန့်ပြင်ဆင်ထားပြီး ကစားတဲ့အထိ နှစ်သက် သဘောကျနေကြတာပါ။
ဒါပေမယ့်လည်း ဘာစီလိုနာနည်းပြအဖွဲ့ဝင်တွေကတော့ ဒါကို သဘောကျနှစ်သက်ခြင်းမရှိဘဲ ကစားသမားတွေကို Padel မကစားဖို့ တားမြစ်ပိတ်ပင်သွားဖွယ်ရှိပါတယ်။ အသင်းတွင်း စည်းကမ်းသစ်တွေ ထုတ်ပြန်ချိန်မှာ နည်းပြတွေက ဒါကို တားမြစ်ဖို့ ပြင်ဆင်ထားတာပါ။
တစ်ဖက်မှာလည်း ဒီကစားနည်းကို လုံးဝမကစားဖို့ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတာမျိုး မရှိသည့်တိုင် ကစားသမားတွေ ဒီလိုမျိုး ကစားနည်းကို ကစားတဲ့အပေါ် နည်းပြအဖွဲ့ဝင်တွေက နှစ်မြို့ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း ကစားသမားတွေအနေနဲ့ တတ်နိုင်သလောက် Padel ကစားတာကို ရှောင်ကျဉ်ရတော့မှာဖြစ်ပါတယ်။
ဒီကစားနည်းဟာ တစ်ကိုယ်လုံးရဲ့ ကြွက်သားတွေကို ဟန်ချက်ညီညီ အသုံးပြုကစားရတဲ့ အားကစားနည်းတစ်မျိုးဖြစ်ပြီး ဒီကတစ်ဆင့် မလိုလားအပ်တဲ့ ဒဏ်ရာတွေ ရလာမှာကို ဘာစီလိုနာ နည်းပြအဖွဲ့ဝင်တွေက စိုးရိမ်နေပါတယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အဓိက,ကစားသမားတွေ ဒဏ်ရာမရဖို့ကို ဆုတောင်းနေရတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။