လူတွေကို စိတ်ဒုက္ခအပေးနိုင်ဆုံးက လိပ်ခေါင်းရောဂါပါ။ ဒီရောဂါက ဘာမှမပြောပလောက်ပါဘူးလို့ ပြောကြပေမယ့်လူကြားထဲမှာ လိပ်ခေါင်းထလာပြီဆိုရင် ထိုင်မရ၊ ထမရနဲ့ တော်တော်လေးကို ခံရခက်စေတာ လိပ်ခေါင်းဖြစ်ဖူးတဲ့သူတိုင်း ခံစားဖူးကြမှာပါ။
လိပ်ခေါင်းရောဂါဆိုတာဘာလဲ။
လိပ်ခေါင်းရောဂါဆိုတာ စအိုဝနံရံမှာ ရှိတဲ့ သွေးကြောလေးတွေ ထုံးကာ ဖောင်းလာပြီး စအိုရဲ့ အပြင်ဘက်ကို တဖြည်းဖြည်းအိကျလာပြီးတော့ လူတွေ ဝမ်းသွားတဲ့အခါမှာ စအိုနားတစ်ဝိုက်မှာ တင်းလာတာ၊ နာလာတာ ၊ ထိုးလာတာမျိုးဖြစ်စေပြီးတော့ ရောဂါအခြေအနေ ဆိုးရွားတဲ့အခါ စအိုကနေ သွေးကျလာတာမျိုးအထိ ဖြစ်လာပါတယ်။ လိပ်ခေါင်းရောဂါအဖြစ်များတဲ့သူတွေကတော့ စအိုနားတစ်ဝိုက်က သွေးကြောနံရံတွေ အားပျော့စေနိုင်တဲ့ အပြုအမူ၊ အနေအထိုင်ရှိတဲ့သူတွေပါ။
အဖြစ်များလာတဲ့ လိပ်ခေါင်းရောဂါ
ဒီနေ့ခေတ်မှာ လူတွေရဲ့ စားသောက်နေထိုင်မှု ပုံစံပြောင်းလဲလာတဲ့အတွက် လိပ်ခေါင်းဖြစ်ပွားမှုတွေ ပိုပြီး များလာပါတယ်။ လက်ရှိစစ်တမ်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်က လိပ်ခေါင်းရောဂါဖြစ်ပွားနေပြီး အသက် (၃၀) ကနေ အသက် (၆၅) နှစ်အရွယ်တွေမှာပိုပြီး အဖြစ်များတဲ့ ရောဂါတစ်ခုပါ။
လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေရှိသူများ
- နာတာရှည်ဝမ်းချုပ်သူတွေ
-ဝမ်းသွားရခက်သူတွေ
- ဝမ်းသွားနည်းပုံစံမမှန်သူတွေ
- အချိန်အကြာကြီးထိုင်ပြီးဝမ်းသွားသူတွေ
Photo : Freepik
လိပ်ခေါင်းရောဂါအဆင့်ဆင့်ဖြစ်ပွားလာတဲ့လက္ခဏာများ
အဆင့် (၁) - စအိုအတွင်းနံရံမှာ သွေးကြောတွေ ဖောင်းလာပါတယ်။ ဒါကို အတွင်းလိပ်ခေါင်းလို့ ခေါ်ပါတယ်။ လူနာအနေနဲ့ ရံဖန်ရံခါမှာ သွေးယို၊သွေးစိမ့်တာမျိုး ဖြစ်လာပြီး စအိုနားမှာ အချွဲတွေကြောင့် ယားယံတာမျိုးဖြစ်လာတာပါ။
အဆင့် (၂) - စအိုအတွင်းက အိကျလာတဲ့သွေးကြောနံရံတွေက စအိုဝအပြင်ကို တပိုင်းတစ ထွက်လာပါတယ်။ အထူးသဖြင့် ဝမ်းသွားနေစဉ်နဲ့ ဝမ်းသွားပြီးချိန်မှာ အူနံရံကြွက်သားတွေက အားရှိနေတာကြောင့် သဘာဝအလျောက် ပြန်ကျုံ့ဝင်သွားနိုင်ပါတယ်။
အဆင့် (၃) - ဝမ်းသွားတဲ့အချိန်မှာ လိပ်ခေါင်းထွက်လာပြီး သဘာဝအလျောက်လည်း ပြန်မဝင်နိုင်တော့ပါဘူး။ လူနာကိုယ်တိုင်က လိပ်ခေါင်းကို ပြန်ပြီးသွင်းရတာပါ။
အဆင့် (၄) - ဝမ်းသွားတဲ့အချိန် ဟုတ်ဟုတ် မဟုတ်ဟုတ် လိပ်ခေါင်းရဲ့ အစိတ်အပိုင်းက အပြင်ကို ကျွံကျ ထွက်လာပါတယ်။
လိပ်ခေါင်းရောဂါရဲ့ လက္ခဏာအများစုကတော့ သွေးကျတာဖြစ်ပါတယ်။ ဝမ်းမသွားခင်မှာ အရည်တွေ တောက်တောက်ကျလာပြီး ဝမ်းသွားပြီးချိန်မှာလည်း သွေးနီနီရဲရဲတွေ ဆင်းလာတာပါ။ လိပ်ခေါင်းကြောင့်ဖြစ်လာတဲ့ အချွဲရည်တွေက စအိုတစ်ဝိုက်ယားယံလာပြီးတော့ တင်းတင်းကျပ်ကျပ်နာကျင်လာတာ၊ နာတဲ့အဆင့်ကနေ အပြင်ကို ကျွံကျလာပြီးတော့ ပိုးဝင်လာပြီဆိုရင်တော့ အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေပါပြီ။
လိပ်ခေါင်းရောဂါကို အိမ်မှာ အရေးပေါ်ဘယ်လိုကုသမလဲ
လိပ်ခေါင်းရောဂါက အရေးပေါ် ၊ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အရေးပေါ်ဖြစ်လာတဲ့အခါ အိမ်တွင်းကုထုံးလေးတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။
ရေနွေးစိမ်ပါ။
လိပ်ခေါင်းရောဂါ ကျွံကျတာ၊ နာကျင်တာ၊ ကိုက်ခဲတာမျိုးဖြစ်လာပြီဆိုရင် ရေဇလုံထဲမှာ ရေနွေးပူပူကို ရေအေးလေးနဲ့ ရောပြီး ဝမ်းသွားလမ်းကြောင့် မြှုပ်နေတဲ့အထိ (၁၅) မိနစ်လောက်စိမ်ထားပါ။
လှဲအိပ်ပါ။
ရေနွေးလေးစိမ်ပြီးတဲ့အခါ လှဲအိပ်လိုက်ပါ။ ကျွံထွက်နေတာလေးတွေ သက်သာစေပါတယ်။
ဆေးဝါးမှီဝဲပါ
လိပ်ခေါင်းကုသတဲ့ ဆေးဝါးတွေက လိမ်းဆေး၊ သောက်ဆေး အများကြီးရှိပါတယ်။ ဆေးလိမ်းတာ ဆေးသောက်တာ လုပ်ပေးလို့ ရပါတယ်။
Photo : Freepik
လိပ်ခေါင်းရောဂါကို အရိုးရှင်းဆုံးကာကွယ်နည်း
လိပ်ခေါင်းရောဂါကာကွယ်ဖို့ တကူးတကအချိန်ပေးစရာမလိုပါဘူး။ မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေကနေ ရောဂါကာကွယ်သွားလို့ရပါတယ်။
- ရေများများသောက်ပါ။
- ဟင်းသီးဟင်းရွက်များများစားပေးပါ။
- နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
- ကောင်းမွန်မှန်ကန်တဲ့ပုံစံနဲ့ ဝမ်းသွားပါ။
- ဝမ်းသွားချင်တဲ့အချိန်မှာ အောင့်ထားတာမျိုးမလုပ်ဘဲ သွားဖြစ်အောင်သွားပါ။
သတင်းဆောင်းပါးပါ အချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မိုးလှိုင်က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။