မော်ရင်ဟိုကတော့ ရိုးမားကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးလိုက်ပြန်ပါပြီ။ ပထမအကျော့မှာ ဖီယင်နော့ဒ်ကို အရေးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူကာ အချိန်ပိုဆက်လက်ကစားပြီးနောက် ၄-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရိုးမားတို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး ၈၉ မိနစ်မှာ ဒီဘာလာရဲ့ အနိုင်ဂိုးကြောင့်သာ အချိန်ပိုဆက်ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ ဒိပွဲကို သူ ကြိုတင်ပြောဆိုထားတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ရိုးမားရဲ့ ကယ်တင်ရှင် တိုက်စစ်မှူးပေါ်လိုဒီဘာလာက အချိန်ပိုမှာ သူတို့အသင်းအနိုင်ရလိမ့်မယ်လို့ မော်ရင်ဟိုက ကြိုတင်ခန့်မှန်းထားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း ဒီပွဲက အခုမှ ပထမပိုင်းပဲရှိသေးလို့ သူတို့ရှုံးပြီလို့ မပြောသင့်ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ကာ တကယ်လည်းပဲ သူ ပြောသလိုမျိုး ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ စက္ကန့်ပိုင်းအနည်းငယ်လိုချိန်မှာတော့ မော်ရင်ဟိုက ကွင်းဘေးမှာ အားပါးတရအောင်ပွဲခံနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီဘာလာက "မော်ရင်ဟိုက ဘာလဲဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်၊ ဥရောပမှာ သူလုပ်ပြခဲ့တာတွေ၊ အသင်းတိုင်းမှာ သူ လုပ်ပြခဲ့တာတွေ ရှိပြီးသားပါ၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ခင်ဗျားကိုပါ ကူးစက်စေပါတယ်၊ ဒီပွဲက အခုလိုမျိုး ဖြစ်လာမယ်ဆိုတာကို သူ သိခဲ့ပြီး ကျနော်တို့ကို နောက်ထပ်တခုခုလုပ်ဖို့အတွက် တွန်းအားပေးခဲ့ပါတယ်၊ နည်းဗျူဟာပိုင်းကို သူ ပြောင်းလဲခဲ့ပြီး ထိုက်တန်တဲ့ အောင်ပွဲတခုအတွက် အချိန်ပိုမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်၊ ကျနော်တို့မှာ မယုံနိုင်လောက်စရာ စိတ်ဓာတ်ရှိတဲ့ နည်းပြတယောက်ရှိနေတာပါ" လို့ ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟိုကလည်း "ဒီအသင်းမှာ တန်ဖိုးတွေရှိပါတယ်၊ တယေက်ယောက်နဲ့တော့ အမြင်ချင်း ကွဲပြားနိုင်တာပေါ့၊ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့ ပရိသတ်တွေ ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ အရေးအကြီးဆုံးကတော့ စိတ်အေးအေးထားနိုင်ခဲ့တာပါ၊ ကျနော်က အောက်ခြေကနေ လာခဲ့တဲ့သူပါ၊ ပရိသတ်တွေကို ပျော်အောင်လုပ်ပေးချင်တယ်၊ ကစာသမားတွေကို တိုးတက်စေချင်တယ်၊ ဒီအတွက်လည်း ဂုဏ်ယူမိတယ်၊ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ခဲ့တဲ့ ကျနော်တို့ကြောင့် ပရိသတ်တွေ ပျော်ရွှင်မယ်လို့ ယုံကြည်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ရိုးမားကတော့ ဆီမီးဖိုင်နယ်မှာ လေဗာကူဆင်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရိုးမားကို ယူရိုပါကွန်ဖရင့်လိဂ်ဖလားရအောင် မော်ရင်ဟိုက စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ ငွေကို ချွေသုံးနေရတဲ့ အသင်းကို တာဝန်ယူပြီး ဒီလိုမျိုး ကိုင်တွယ်ပေးနိုင်ခဲ့တာက မော်ရင်ဟိုကို သေချာပေါက်ချီးကျူးရပါလိမ့်မယ်။