ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီး ရော်နယ်ဒိုက ဆလိုဗေးနီးယားနဲ့ ကစားခဲ့တဲ့ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်ရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ပထမဆုံး ပင်နယ်တီကို ကန်သွင်းခဲ့ပါတယ်။ ဒီလိုမျိုး ကန်သွင်းခဲ့ပုံကိုလည်း ရော်နယ်ဒိုက ပွဲအပြီးမှာ ရှင်းလင်းခဲ့ပါတယ်။
ဒီပွဲရဲ့ အချိန်ပို နာရီဝက် ပထမပိုင်းပြီးခါနီးမှာ ပေါ်တူဂီတို့ ပင်နယ်တီရခဲ့ပါသေးတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ပင်နယ်တီကန်ချက်ကို အိုဘလက်ခ်က ကာကွယ်နိုင်ခဲ့ပြီး ရော်နယ်ဒိုတစ်ယောက် ပွဲမပြီးခင်မှာတင် ငိုကြွေးခဲ့ရတာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာလည်း ရော်နယ်ဒိုက ပေါ်တူဂီရဲ့ ပထမဆုံး ပင်နယ်တီကို တာဝန်ယူကန်သွင်းခဲ့ပါတယ်။ ဒီတစ်ကြိမ် ကန်ချက်ကိုတော့ ရော်နယ်ဒိုက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သလို ပေါ်တူဂီကလည်း ဂိုးသမား ဒီယိုဂိုကော်စတာရဲ့ လက်စွမ်းပြမှုကြောင့် ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက “ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျနော် ပင်နယ်တီလွဲခဲ့ပေမယ့် ပထမဆုံး ပင်နယ်တီကို ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းက ခင်ဗျားကို လိုအပ်နေချိန်မှာ ခင်ဗျား ဒါကို တာဝန်ယူရပါမယ်။ ကျနော် ဘယ်တုန်းကမှ ကြောက်ရွံ့ခဲ့တာမျိုး မရှိပါဘူး”
“ထိပ်တိုက်ရင်ဆိုင်စရာရှိတာကို ရင်ဆိုင်ပါတယ်။ ဒါက အလုပ်ဖြစ်တဲ့အခါရှိသလို တစ်ခါတလေတော့လည်း မဖြစ်ဘူးပေါ့။ ဒါပေမယ့်လည်း ကျနော့်နာမည်ကနေပြီး အရှုံးပေးတယ်ဆိုတာကို ခင်ဗျားတို့ တစ်သက်လုံး ကြားရမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။