မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်ကပွဲမှာ အယ်လ်ဖိုင်ဟာနဲ့ ဂိုးမရှိသရေကျအပြီး ရော်နယ်ဒိုတယောက် ကွင်းထဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ပြသနာတက်ခဲ့ပါတယ်။ အဆင့် ၁၁ က အသင်းကို အနိုင်မရခဲ့လို့ အယ်လ်နာဆာတို့ အမှတ်ပေးဖလားအတွက် အနီးကပ်ပြိုင်ဘက် အယ်လ်အီတီဟတ်ကို အခွင့်အရေးပေးသလိုပါ ဖြစ်ခဲ့ရပြီး ၃ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။
ရော်နယ်ဒိုက ပြိုင်ဘက်အသင်းက ကစားသမား အလီလယ်လ်ဇာကွမ်ကို "မင်းက ဘောလုံးကစားချင်တာမှမဟုတ်တာ" လို့ ဥမင်ထဲမဝင်ခင် ပြောသွားခဲ့တာပါ။ အယ်လ်ဖိုင်ဟာက တမှတ်ရအောင် အချိန်ဆွဲကစားခဲ့တယ်လို့ ရော်နယ်ဒိုက ယူဆခဲ့တာပါ။ ဒီလိုပြောဆိုအပြီး တခြားသော ကစားသမားတွေနဲ့ပါ အပြန်အလှန်စကားများခဲ့ကြပါတော့တယ်။
GOAT ကြီးကတော့ ဒီပွဲမှာ ဂိုးပေါက်ပြန်ပျောက်ခဲ့ပြီး အသင်းဖော်အတွက် အပိုင်အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပေမယ့်လည်း အသင်းဖော်က အသုံးမချနိုင်ခဲ့လို့ အယ်လ်နာဆာတို့ သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဆော်ဒီလိဂ်မှာ ဒီလိုပုံစံမျိုးကို မြင်ရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
မတ်လအတွင်းက ကစားခဲ့တဲ့ အယ်လ်အီတီဟတ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုက ကွင်းပြင်ထွက်လာချိန်မှာ ရေဗူးတွေကို ပိတ်ကန်ပစ်ခဲ့တဲ့အထိ ဒေါသထွက်ခဲ့ပါသေးတယ်။ အဆိုပါပွဲမှာပဲ ပြိုင်ဘက်ပရိသတ်တွေက မက်ဆီရဲ့ နာမည်ကို ဟစ်အော်ကာ ရော်နယ်ဒိုကို လှောင်ပြောင်ခဲ့ပါသေးတယ်။
အယ်လ်ဘာတင်နဲ့ပွဲတုန်းကလည်း ပြိုင်ဘက်အသင်းရဲ့ ကလေးပရိသတ်တဦးက ဥမင်အတွင်းမှာ "မက်ဆီက မင်းထက် ပိုကောင်းတယ်" လို့ ပြောခဲ့ပြီး ရော်နယ်ဒိုက "ဒါဆိုလည်း မင်း မက်ဆီပွဲသွားကြည့်လေ၊ ဘာလို့ ဒီကိုရောက်နေတာလဲ" ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။