မနေ့ညကလည်း ဟက်ထရစ်သွင်းယူခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက အယ်လ်တိုင်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဒုတိယပိုင်းမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အယ်လ်နာဆာအတွက်တော့ နှစ်ပွဲဆက် နိုင်ပွဲဖြစ်ခဲ့ပြီး ဇယားထိပ်က အယ်လ်ဟီလာကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။



ပထမပိုင်းမှာကတည်းက အယ်လ်နာဆာတို့ ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းက တစ်ယောက်လျော့ခဲ့တာကြောင့်လည်း အယ်လ်နာဆာတို့ ဒုတိယပိုင်းမှာ ပိုပြီး သက်သောင့်သက်သာရှိခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ သူ့အတွက် ပထမဆုံး သွင်းဂိုးကို ပွဲကစားချိန် (၆၄) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ဒုတိယဂိုးကိုတော့ ပွဲကစားချိန် (၆၇) မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကိုတော့ ပွဲကစားချိန် (၈၇) မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပေးသွားခဲ့တာပါ။ ပထမပိုင်းမှာရရှိခဲ့တဲ့ အယ်လ်နာဆာရဲ့ သွင်းဂိုးတွေကိုတော့ အိုတာဗီယိုနဲ့ ဂါရက်ဘ်တို့က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။​

ဒီလိုမျိုး နိုင်ပွဲရရှိခဲ့သည့်တိုင် အယ်လ်နာဆာနဲ့ ဇယားထိပ်ဆုံးက အယ်လ်ဟီလာတို့အကြား ရမှတ်ကွာဟချက်က (၁၂) မှတ် ကျန်ရှိနေပါသေးတယ်။ လက်ကျန်ပွဲအရေအတွက်က (၉) ပွဲသာ ကျန်တော့တာကြောင့်လည်း အယ်လ်နာဆာတို့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် မသေချာတော့ပေမယ့် သင်္ချာနည်းအရတော့ ဖြစ်နိုင်ခြေရှိဆဲဖြစ်ပြီး လာမယ့် အင်္ဂါနေ့မှာတော့ အက်ဘ်ဟာနဲ့ ရင်ဆိုင်ကစားရမှာပါ။

Share

Loading Next Article...
က္က