ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံလိုက်မယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရှိနေရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ တကယ့်လက်တွေ့မှာတော့ အဆင့် (၁၁) နေရာမှာသာ ရှိနေခဲ့တာပါ။
ဒီစကားကိုတော့ ပိုချက်တီနိုက ဘန်လေနဲ့ သရေကျခဲ့တဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။ ဒီပွဲမတိုင်ခင်မှာ ပိုချက်တီနိုက “ကျွန်တော်တို့ ဘာတွေလုပ်နေလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော် ရယ်နေနိုင်တာပေါ့ဗျာ။ ပရိသတ်တွေ ဝေဖန်တဲ့အခါမှာ ကျွန်တော်ကတော့ ဒါတွေကို စိတ်ထဲမထားပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ ဂိုးရနိုင်ခြေ xG က 50.46 အထိ ရှိနေပြီး ဒါက ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အဆင့် (၄) နေရာမှာ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ချဲလ်ဆီးက ကျန်တဲ့အချက်အားလုံးမှာ ဘယ်အသင်းတွေထက်မဆို နိမ့်ပါးနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဘန်လေကိုလည်း အိမ်ကွင်းမှာ နှစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့တာပါ။
တန်းဆင်းဇုန်အတွက် ရုန်းကန်နေရတဲ့ ဘန်လေက မနေ့ညက ပထမပိုင်းမှာကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။ ချဲလ်ဆီးအနေနဲ့လည်း နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့သည့်တိုင် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ နှစ်ဂိုးစီ သရေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ပိုချက်တီနိုက “ကျွန်တော် စိတ်မကောင်းပါဘူး။ ဘောလုံးခြေထောက်ထဲ မရှိချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် မပျော်ရွှင်နိုင်သလို ကျွန်တော်တို့က ကြံ့ခိုင်မှုအရမ်းအသားပေးတဲ့ အသင်းနဲ့ ရင်ဆိုင်ချိန်မှာလည်း သန်မာနေဖို့ လိုအပ်ပါတယ်။ ပြိုင်ဘက်ကို ပြေးလမ်းကြောင်းတွေ အများကြီး ခွင့်ပြုပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒီစကားအတွက် အားနာပါတယ်။ ဒါပေမယ့် နိုင်ကိုနိုင်သင့်တဲ့ပွဲမှာ မနိုင်ခဲ့တာက လက်ခံဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒါကို လက်ခံရမှာဖြစ်ပြီး ဒီအခြေအနေကနေ ရုန်းထွက်လာရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။