အလိမ်အညာတွေ ပျံ့နှံ့ရေးကို ဦးစားပေးနေတယ်လို့ ဆိုပါတယ်

Facebook ဟာ ဒီမိုကရေစီအတွက် ခြိမ်း‌ခြောက်မှုတစ်ခုဖြစ်တယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာ ရက်ဆာက ဆိုပါတယ်။

           လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးအတွက် ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာ ရက်ဆာဟာ ရုရှားဂျာနယ်လစ် ဒီမီထရီ မာရာတော့ဗ်နဲ့အတူ ပူးတွဲချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။ ပူပူနွေးနွေး နိုဘယ်ဆုရှင်က လူမှုကွန်ရက်ကုမ္ပဏီ Facebook ဟာ အမုန်းတရားနဲ့ သတင်းမှားပျံ့နှံမှုကို ကာကွယ်ဖို့ ပျက်ကွက်ကြောင်း ၊ အချက်အလက်ထက် ဘက်လိုက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ Arab News က ဖော်ပြထားပါတယ်။




Photo: List23


           ဖိလစ်ပိုင်သတင်းဌာန Rappler ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့သူမဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရပြီးနောက် Reuters နဲ့ အင်တာဗျူးတစ်ခုမှာ Facebook အပေါ် ဝေဖန်ခဲ့တာပါ။ Facebook ရဲ့ Algorithms တွေဟာ အချက်အလက်မှန်ထက် အမုန်းတရားနဲ့ ဒေါသတို့ စွက်ဖက်နေတဲ့ အလိမ်အညာတွေ ပျံ့နှံ့ရေးကို ဦးစားပေးနေတယ်လို့ သူမက ဆိုပါတယ်။ မကြာသေးမီက Facebook ဝန်ထမ်းဟောင်းလည်း ဖြစ်တဲ့ သတင်းပေးတစ်ယောက်ကလည်း အလားတူ ပြောခဲ့တာပါ။

           သုံးစွဲသူ သန်း ၃၀၀၀ ကျော် ရှိနေတဲ့ Facebook ဟာ သတင်းအမှားတွေနဲ့ အမုန်းတရားပါတဲ့ စကားတွေ တိုက်ဖျက်ဖို့ထက် အကျိုးအမြတ်ရရေးကို ပိုဦးစားပေးခဲ့တယ်လို့ Facebook အတွင်းရေးကို သတင်းဌာနတွေဆီ ဖွင့်ချခဲ့တဲ့ ဖရန့်စ်‌ ဟော်ဂန်က CBS News ရဲ့ 60 Minutes အစီအစဉ်မှာ ပြောခဲ့တာပါ။ Facebook ဘက်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပြီး အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို တွေ့မြင်နှုန်း လျှော့ချရေးနဲ့ ဖယ်ရှင်းရေးမှာ ရင်းနှီးမြှပ်နှံထားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

           "သတင်းစာလွတ်လပ်ခွင့်ကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကမ္ဘာတလွှားက သတင်းအဖွဲ့အစည်းတွေနဲ့ ဂျာနယ်လစ်တွေ သူတို့ရဲ့ အရေးကြီးတဲ့ လုပ်စရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့လည်း ပံ့ပိုးနေပါတယ်။" လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

           ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရက်ဆာကတော့ "Facebook ဟာ ကမ္ဘာ့အကြီးဆုံး သတင်းဖြန့်ဖြူးသူဖြစ်လာပေမယ့် အချက်အလက်ကို ဖီလာပြီး ဘက်လိုက်မှုရှိနေပါတယ်။ ဂျာနယ်လစ်ဇင်ထက် ဘက်လိုက်မှုဘက် ရောက်နေပါတယ်။" လို့ ပြောပါတယ်။

           "အချက်အလက်မရှိရင် အမှန်တရားဆိုတာ ရှိမှာ မဟုတ်ဘူး။ ယုံကြည်လို့ မရဘူး။ဒါတွေ တစ်ခုမှ မရှိရင် ဒီမိုကရေစီလည်း ရှိမှာမဟုတ်ဘူး ဒါတွေအပြင် အချက်အလက်မပါရင် အဖြစ်မှန်ကို မျှဝေတာ မဟုတ်တော့ဘူး။ ဒါဆို အခုဖြစ်နေတဲ့ ရာသီဥတု ၊ ကိုရိုနာဗိုင်းရစ်စ် ပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး "လို့ သူမက ဆိုပါတယ်။


Photo: Nasdaq

           ရက်ဆာဟာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကို ဝေဖန်တာကြောင့် လူမှုကွန်ရက်ပေါ်မှာ သမ္မတထောက်ခံသူတွေရဲ့ ပြင်းထန်တဲ့ မုန်းတီးစရာပစ်မှတ်တစ်ခုအဖြစ် ကြုံနေသူလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာပေါ်မှာ လူမှုကွန်ရက်ပေါ် အချိန်ကုန်မှုအများဆုံးနိုင်ငံထဲမှာ ပါတယ်လို့ Social Media စီမံရေးရာလုပ်ငန်းတွေရဲ့ ၂၀၂၁ ခုနှစ် လေ့လာမှုတွေက ဆိုပါတယ်။

           ၂၀၁၉ မတ်လထဲမှာ မရိုးဖြောင့်တဲ့အပြုအမူကို ပူးပေါင်းဆောင်ရွက်နေတဲ့ ဖိလစ်ပိုင်က အွန်လိုင်းကွန်ရက်တစ်ခုကို Facebook ပေါ်က ဖယ်ရှားခဲ့ပါတယ်။ ဒီကွန်ရက်ဟာ သမ္မတရဲ့ ၂၀၁၆ ခုနှစ်က လူမှုကွန်ရက်ရွေးကောက်ပွဲအောင်နိုင်ရေးကမ်ပိုင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ စီးပွားရေးသမားတစ်ဦးနဲ့လည်း ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ လာမယ့် ၂၀၂၂ ခုနှစ် မေလထဲမှာ သမ္မတရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်ပြီး လက်ဝှေ့ကျော် မန်နီ ပက်ကွီယိုလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က