ပွားလေး ပုသိမ်မုန့်ဟင်းခါးလို့ ဆိုလိုက်တာနဲ့ စားဖူးသူတိုင်းက ငါးရံဖတ်ကြီးကြီးနဲ့ စားရတဲ့ မုန့်ဟင်းခါးလို့ ဆိုပြီးသိကြပါတယ်။ ဒီဆိုင်လေးကို အရင်က ပုသိမ်မြို့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အခုတော့ ရန်ကုန်မြို့မှာ ဖွင့်လာတာ ၁၀ နှစ် လောက်ရှိပါပြီ။ ဒီဆိုင်လေးက မုန့်ဟင်းခါးကို စားဖူးတဲ့သူတွေအတွက်ရော မစားဖူးသေးတဲ့အတွက်ပါ သိရှိနိုင်စေဖို့ Duwun ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
ပုသိမ်ကနေ ရန်ကုန်ပြောင်းဖွင့်တဲ့ ပွားလေးမုန့်ဟင်းခါး
လွန်ခဲ့တဲ့ ၁၅ နှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ပွားလေးမုန့်ဟင်းခါးဆိုင်လေးကို ၂၀၀၈ ခုနှစ်မှာတော့ ရန်ကုန်မှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မှာရောင်းရင်း အလုပ်အကိုင်က ပိုပြီးအဆင်ပြေနိုင်မယ်လို့ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် ပုသိမ်ကနေ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့တာပါ။ အပြိုင်အဆိုင်များတဲ့ ရန်ကုန်မှာ မုန့်ဟင်းခါးဆိုင်လေးတစ်ခုကို စားသုံးသူတွေ အကြိုက်တွေ့စေဖို့ အတော်လေးကြိုးစားရုန်းကန်ခဲ့ရတယ်လို့ ပွားလေး ပုသိမ်မု့န်ဟင်းခါးဆိုင်ရှင်က ဆိုပါတယ်။
“ ရန်ကုန်စရောက်ရောင်းချင်းမှာ တစ်နေ့ကို ၂ သောင်းဖိုး ၊ ၃သောင်းဖိုးလောက်ပဲ ရောင်းရတယ်။ အခက်အခဲတွေ ဖြစ်တာပေါ့။ ပုသိမ်ကို ပြန်ပြေးဖို့ အဆင့်ထိတောင်ဖြစ်သွားတယ်။ ဒါပေမယ့် အားမလျှော့ဘူး။ ရန်ကုန်မှာရှိတဲ့ မုန့်ဟင်းခါးဆိုင်တွေကို လိုက်လေ့လာတယ်။ သူများတွေ ဘယ်လိုရောင်းလဲ။ ဘယ်လိုလုပ်ကိုင်လဲ။ ငါ့မုန့်ဟင်းခါး ကို ဘာလို့ သူတို့မကြိုက်တာလဲ။ တစ်ခုခုတော့ ရှိရမယ်။ နာမည်ကြီး မုန့်ဟင်းခါးတွေ လိုက်စားတယ်။ သူတို့ဆီက အတွေ့အကြုံတွေယူတယ်။ စားသုံးသူက ဆရာပဲ။ သူတို့က ဘယ်လိုပုံစံကြိုက်တာလဲ ပေါ်မူတည်ပြီး အရသာကို သူတို့အကြိုက် လုပ်ပေးပါတယ်။” လို့ ဆိုင်ရှင်က ဆိုပါတယ်။
စားသုံးသူကို အဓိကထားတယ်
ဆိုင်စဖွင့်ချိန်က အခက်အခဲတွေ ရှိခဲ့ပေမယ့် ကြိုးစားအားထုတ်မှုနဲ့ စားသုံးသူတွေရဲ့ အကြိုက်ကို တဖြည်းဖြည်းသိလာပြီးတဲ့နောက် ဆိုင်ဖွင့်ပြီး ၃ လအကြာမှာ ရောင်းအားတွေ ပိုကောင်းလာခဲ့ပြီးတော့ လူမနိုင်တော့တဲ့အနေအထားထိဖြစ်လာတယ်လို့ဆိုပါတယ်။
“ အခက်အခဲတွေ အများကြီးကိုရင်ဆိုင်ခဲ့ရတယ်။ သူများ အတိုက်အခိုက်တွေကြားထဲမှာ အောင်မြင်အောင် ကြိုးစားခဲ့ရတယ်။ ဆိုင်စဖွင့်တုန်းက အသေးလေးပဲ။ အခုတော့ တဖြည်းဖြည်း ဆိုင်ကို တိုးချဲ့နိုင်ခဲ့တယ်။ အစ်မက စေတနာကောင်းရင် ကံကောင်းမယ်လို့ စိတ်ထဲထားတယ်။ ရန်ကုန်ကိုတက်လာကတည်းက မုန့်ဟင်းခါးကို ကောင်းကောင်းနဲ့ သန့်သန့်လေးလုပ်မယ်။ စားသုံးသူတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးမယ်ဆိုပြီးတော့ အခုထိလည်း အဲ့အတိုင်းပါပဲ” လို့ ဆိုပါတယ်။
ပွားလေးမုန့်ဟင်းခါးဆိုင်ရဲ့ ထူးခြားချက်
ရန်ကုန်မြို့မှာ မုန့်ဟင်းခါးဆိုင်တွေ များစွာရှိတဲ့ထဲကမှ ပွားလေးမုန့်ဟင်းခါးကတော့ ထူးခြားပါတယ်။ မုန့်ဟင်းခါးတစ်ပွဲမှာရင် ဟင်းရည်မှာ ငါးရံ ငါးဖတ်ကြီးကြီးထည့်ပေးတာက ဒီဆိုင်ရဲ့ အသက်လို့တောင် ဆိုရမှာပါ။ ပွားလေးမုန့်ဟင်းခါးလို့ဆိုလိုက်ရင် ငါးဖတ်ကြီးကြီးထည့်ပေးတဲ့ဆိုင်လို့ လူတိုင်းသိကြတဲ့အထိကို ထူးခြားတဲ့ဆိုင်လေးဖြစ်ပါတယ်။
“ ငါးရံ့ များများသုံးတယ်။ အခုတစ်ပွဲ ၂၃၀၀ ရောင်းတယ်။ အရည်နဲ့ အဖတ်ကို လိုသလောက်ထည့်။ သူတို့တွေ ဝဝလင်လင်နဲ့ အာဟာရရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန့်ဟင်းခါးဖြစ်အောင်လုပ်တယ်။ ငါးဆို ငါးရံ့ပဲသုံးတယ်။ ကျန်တဲ့ငါးမသုံးဘူး။ ငါးဖတ်ကြီးကြီးထည့်ပေးတာကလည်း ပေါ်ပြူလာဖြစ်ချင်လို့ ထည့်ပေးတာမဟုတ်ဘူး။ စေတနာလေးနဲ့ ကောင်းကောင်းလေး ဖြစ်စေချင်တဲ့ စိတ်နဲ့ ထည့်ပေးတာပါ။ စားသုံးသူတွေက စားလို့ကောင်းတယ်ဆိုပြီးပြောသွားရင် အဲဒီပီတိက ဘာနဲ့မှ လဲလို့မရဘူး။ “ လို့ ဆိုပါတယ်။
တစ်နေ့ကို အချိန် ၁၀၀ နီးပါးရောင်းရတဲ့ ပွားလေးမုန့်ဟင်းခါး
မုန့်ဟင်းခါးလက်ရာကောင်းမွန်မှုနဲ့ သက်တမ်းဘယ်လောက်ကြာကြာ အရသာကိုထိန်းထားနိုင်မှုကြောင့် ပွားလေးမုန့်ဟင်းခါးဆိုင်က စားသုံးသူတွေအကြား လက်စွဲတော် ဆိုင်လေးဖြစ်လာပါတယ်။ တစ်နေ့ကို မုန့်ဖတ် အချိန် ၁၀၀ နီးပါးကုန်အောင် ရောင်းရပြီး ငါးရံ့ လည်း ၈၀၊ ၁၀၀ နီးပါးကုန်အောင်ချက်ရပါတယ်။ ဟင်းရည် အချိန်တစ်ဆယ်အိုး ၁၂ အိုးကုန်အောင်ရောင်းရပြီး နေ့စဉ် မနက်တိုင်း ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ဆိုင်လေးဖြစ်ပါတယ်။
“ ပိတ်ရက်တွေ မနက်ပိုင်းတွေမှာဆို ဆိုင်ကကြိတ်ကြိတ်တိုးနေတာ။ အဲ့အချိန်ဆို စားတဲ့သူတွေ စိတ်ဆိုးမှာဆိုးလို့ စာလေးတွေတောင်ကပ်ထားရတယ်။ “ လို့ ဆိုင်ရှင်အန်တီက ဆိုပါတယ်။
ပွားလေးမုန့်ဟင်းခါးစားချင်တဲ့သူတွေအတွက် ဒီဆိုင်လေးကတော့ အလုံမြို့နယ်၊ စံပယ်လမ်းနဲ့ နှင်းဆီကုန်းလမ်းကြား၊ ဝေဘာဂီလမ်းထိပ်၊ ထော်လီကွေ့မှတ်တိုင်အနီးဖြစ်ပါတယ်။ မုန့်ဟင်းခါး ချစ်သူတွေအနေနဲ့ ငါးဖတ်ကြီးကြီးနဲ့ ကျန်းမာရေးနဲ့ညီညွတ် အာဟာရပြည့်ဝစေတဲ့ မုန့်ဟင်းခါးမြည်းစမ်းချင်တယ်ဆိုရင် ပွားလေးပုသိမ်မုန့်ဟင်းခါးဆိုင်လေးမှာ စားကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။