လီဗာပူးကတော့ မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆု လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားခဲ့ပြီလို့ ပြောရမှာပါ။ ဒီပွဲမှာ လီဗာပူးတို့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။
မာဆေးဆိုက်ဒ်ဒါဘီလည်း ဖြစ်တဲ့ ဒီပွဲမှာ လီဗာပူးက သူတို့ရဲ့ နောက်ပိုင်းပွဲက ထုံးစံတွေအတိုင်း ခြေစွမ်းပိုင်းဆိုးရွားခဲ့ပြီး ရလဒ်ပိုင်းပါ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အဲဗာတန်အတွက် ဂိုးတွေကို ဘရန်ဝိတ်နဲ့ ကဲလ်ဗတ်လီဝင်တို့က သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ကလော့ပ်ကတော့ လီဗာပူးနည်းပြဘဝ သူ့ရဲ့ နောက်ဆုံးရာသီမှာ ကာရာဘောင်ဖလား အောင်မြင်မှုနဲ့သာ နှုတ်ဆက်ရဖို့ ရှိနေပါပြီ။ ထူးခြားတာတစ်ခုကတော့ ကလော့ပ်တစ်ယောက် လီဗာပူးနဲ့ ရာသီကုန်မှာ လမ်းခွဲမယ်လို့ ကြေညာခဲ့ချိန်တုန်းက အသင်းက အမှတ်ပေးဇယားထိပ်မှာရှိနေတာပါ။
အဲ့ဒီအချိန်မှာ လီဗာပူးက ရမှတ် တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာဖြစ်ပြီး အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလား လမ်းကြောင်းတွေပေါ်မှာရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ် ထွက်ခွာတော့မယ်လို့ ကြေညာပြီးတဲ့နောက် အဆိုပါ ဖလားပြိုင်ပွဲတွေကနေလည်း ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ အဲဗာတန်တို့နဲ့ပွဲတွေမှာ အမှတ်တွေ လျော့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ လီဗာပူးက လက်ရှိမှာ ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ (၃) မှတ် ကွာဟသွားခဲ့ပြီး မန်စီးတီးသာ လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ရရှိခဲ့ရင် ငါးမှတ်အထိ ကွာဟသွားတော့မှာလည်းဖြစ်ပါတယ်။